ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်သည် ဂျူဗင်တပ်စ်အသင်းနှင့်အပါအဝင် ကောလာဟလမျိုးစုံ ထွက်ပေါ်နေသော ၎င်း၏ အပြောင်းအရွှေ့သတင်းများနှင့် ပတ်သက်၍ Instagram မှတစ်ဆင့် ပြက်ရယ်ပြုခဲ့ကြောင်း သိရသည်။
ဘာစီလိုနာနည်းပြသစ်ဖြစ်လာသူ ရော်နယ်လ်ကိုးမန်းက ဆွာရက်ဇ်သည် ၎င်း၏ အနာဂတ်အစီအစဉ်များတွင် မပါဝင်ဟု ပြောကြားထားပြီး လိုင်ယွန်တိုက်စစ်မှူး ဒီပိုင်းကို ခေါ်ယူရန် နီးစပ်သည့်အနေအထားသို့ ရောက်ရှိနေပြီဖြစ်သည်။ သို့ ဖြစ်ရာ ဆွာရက်ဇ်၏ အပြောင်းအရွှေ့သတင်းများမှာ ပိုမိုကျယ်လောင်လာခြင်း ဖြစ်သည်။
ဆွာရက်ဇ်၏အပြောင်းအရွှေ့ ကောလာဟလများအနက် ဂျူဗင်တပ်စ်နှင့်သတင်းများမှာ အကျယ်လောင်ဆုံးဖြစ်ပြီး ပြောင်းရွှေ့ကြေးပေါင်(၄.၅)သန်း၊ တစ်နှစ်လုပ်ခ ပေါင်(၉)သန်းဖြင့် သဘောတူညီမှုရရှိခဲ့ကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။
ယင်းသတင်းများကို ဆွာရက်ဇ်က ၎င်း၏ Instagram မှတစ်ဆင့် ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ ဆွာရက်ဇ်သည် Instagram Story တွင် ဘာစီလိုနာအသင်း၌ လေ့ကျင့်ခန်းဆင်းနေကြောင်း၊ အပြောင်းအရွှေ့သတင်းတုများ ထွက်ပေါ်နေပါကလည်း မိမိက ရယ်မောနေမည်ဖြစ်ကြောင်း Emoji ဖြင့် ဖော်ပြကာတင်ထားခဲ့ခြင်း ဖြစ်သည်။
လက်တွေ့တွင်လည်း ဂျူဗင်တပ်စ်လူစာရင်း၌ Non-EU (ဥရောပမဟုတ်သည့်)ကစားသမား ပြည့်နေပြီဖြစ်ပြီး ဆွာရက်ဇ်သာ အီတလီပတ်စ်ပို့တ် မရရှိလျှင် အပြောင်းအရွှေ့ ဖြစ်နိုင်မည်မဟုတ်ကြောင်း Calciomercato ဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။















