ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် လာမည့်(၂)နှစ်အတွင်း ဘောလုံးလောကအနေဖြင့် ဝင်ငွေ ယူရို (၄)ဘီလီယံအထိ ဆုံးရှုံးရဖွယ်ရှိကြောင်း ECA ဥက္ကဋ္ဌ ပြောကြား

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် လာမည့်(၂)နှစ်အတွင်း ဘောလုံးလောကအနေဖြင့် ဝင်ငွေ ယူရို (၄)ဘီလီယံအထိ ဆုံးရှုံးရဖွယ်ရှိကြောင်း ECA ဥက္ကဋ္ဌ ပြောကြား
Published 15 September 2020

ပြီးခဲ့သည့်အင်္ဂါနေ့က ပြုလုပ်ခဲ့သည့် (၂၄)ကြိမ်မြောက် ECA အထွေထွေအစည်းအဝေးတွင် ကပ်ဘေးကြောင့် ဥရောပကလပ်အသင်းများ ရင်ဆိုင်နေရသည့် ငွေကြေးအခက်အခဲများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။ 

ဥရောပကလပ်အသင်းများအဖွဲ့အစည်း(ECA) ဥက္ကဋ္ဌဖြစ်သူ အက်ဂ်နယ်လီက ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် လာမည့် (၂)နှစ်အတွင်း ဘောလုံးလောကအနေဖြင့် ဝင်ငွေယူရို (၄)ဘီလီယံအထိ ဆုံးရှုံးရဖွယ်ရှိနေကြောင်း ပြောကြားခဲ့သည်။ 

၂၀၁၉ နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့်  တစ်ကမ္ဘာလုံးအကျပ်အတည်းများနှင့် ရင်ဆိုင်နေရပြီး ၂၀၁၉-၂၀ ဥရောပဘောလုံးရာသီမှာလည်း မတ်လလယ်ပိုင်းတွင် ရပ်တန့်ခဲ့ရသည်။ 

ကပ်ဘေးကြောင့် ပြိုင်ပွဲအချို့မှာ ဖျက်သိမ်းခဲ့ရသလို၊ ပြန်လည်ကစားခဲ့သည့် ပြိုင်ပွဲများမှာလည်း ပရိသတ်မပါဘဲ ကွင်းပိတ်ကစားခဲ့ရသည်။ 

ကိုရိုနာဗိုင်းရပ်စ်မှာ လက်ရှိအချိန်ထိ ပျံ့နှံ့နေဆဲဖြစ်သောကြောင့် လာမည့် ၂၀၂၀-၂၁ ရာသီတွင် ဘောလုံးပြိုင်ပွဲများကို ကွင်းပိတ်ကစားရဦးမည်ဖြစ်ပြီး ပရိသတ်အချို့ကို ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့်ပေးရန် တာဝန်ရှိသူများက စီစဉ်နေကြသည်။ 

ပြီးခဲ့သည့်အင်္ဂါနေ့က ပြုလုပ်ခဲ့သည့် (၂၄)ကြိမ်မြောက် ECA အထွေထွေအစည်းအဝေးတွင် ကပ်ဘေးကြောင့် ဥရောပကလပ်အသင်းများ ရင်ဆိုင်နေရသည့် ငွေကြေးအခက်အခဲများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။ 

အက်ဂ်နယ်လီက "လာမယ့် (၂)နှစ်အတွင်းမှာ ဘောလုံးလောကအနေနဲ့ ဝင်ငွေ ယူရို (၄)ဘီလီယံအထိ ဆုံးရှုံးရနိုင်ပါတယ်။ FIFA ရဲ့ ပြောဆိုမှုအရ အဲဒီဆုံးရှုံးမှုရဲ့ (၉၀)ရာခိုင်နှုန်းဟာ ကလပ်အသင်းတွေနဲ့ သက်ဆိုင်မယ်လို့ဆိုပါတယ်။ ပရိသတ်မပါဘဲ ကွင်းပိတ်ကစားနေရတာ ကလပ်အသင်းတွေရဲ့ဝင်ငွေကို အကြီးအကျယ်ထိခိုက်စေပြီး ရုပ်သံနဲ့ စပွန်ဆာဝင်ငွေတွေကလည်း ပိုပြီးလျော့ကျလာဖို့ ရှိနေပါတယ်။ ဒါက အပြောင်းအရွှေ့ဈေးကွက်ကိုပါ ထိခိုက်စေမှာပါ"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent