အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) သည် အင်္ဂလန်အသင်းအတွက် ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ရခဲ့သည့် အိုက်စလန်နှင့်ပွဲအပြီးတွင် အသင်းဟိုတယ်သို့ မိန်းကလေးများကို ဖိတ်ခေါ်ခဲ့သည့် ဂရင်းဝုဒ်နှင့် ဖိုဒန်တို့အား အရေးယူဖွယ်ရှိနေပြီး လက်ရှိအချိန်တွင် အင်္ဂလန်အသင်းလူစာရင်းမှ ထုတ်ပယ်ခံခဲ့ရကြောင်း မီဒီယာများက ဖော်ပြလျက်ရှိသည်။
မန်ယူအသင်းနှင့် မန်စီးတီးအသင်းတို့မှ ကစားသမားနှစ်ဦး အင်္ဂလန်အသင်း၏ ပွဲစဉ်တစ်ခုတည်းတွင် ပထမဆုံးအကြိမ်ပွဲထွက်ခွင့်ရခဲ့ခြင်းမှာ ၁၉၉၂ နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ဂရင်းဝုဒ်နှင့် ဖိုဒန်တို့သည် ယင်းမှတ်တမ်းကို ပိုင်ဆိုင်ခဲ့ကြသည်။
သို့ရာတွင် အိုက်စလန်သတင်းဋ္ဌာနတစ်ခုဖြစ်သည့် DV ၏ ဖော်ပြချက်အရ ၎င်းတို့နှစ်ဦးသည် အိုက်စလန်မိန်းကလေးများအား ၎င်းတို့၏ ဟိုတယ်ခန်းသို့ ခေါ်ဆောင်ခဲ့ကြပြီး ယင်းမိန်းကလေးများ Snapchat တွင် တင်ထားသည့် ဗီဒီယိုဖိုင်များလည်း ထွက်ပေါ်ခဲ့သည်။
ယင်းဗီဒီယိုဖိုင်ထဲတွင် အမျိုးသမီးငယ်တစ်ဦးက ''တင်ခွင့်ရှိလား၊ မရှိဘူးလားဆိုတာတော့ မသိဘူး။ ဒါပေမဲ့ သူတို့နှစ်ဦးကလည်း ငါတို့ကို ဓာတ်ပုံမရိုက်ဖို့၊ ဗီဒီယိုမရိုက်ဖို့ တွေဘာတွေ မတားခဲ့ပါဘူး''ဟု ဆိုခဲ့ပြီး ၎င်းကပင် ''ရက်နည်းနည်းလောက်တော့ ရည်းစားတစ်ယောက်ရလိုက်တယ်''ဟုလည်း ဆိုထားသည်။
မန်စီးတီးကွင်းလယ်လူ ဖိုဒန်သည် လက်ရှိအချိန်တွင်အသက် (၂) နှစ်အရွယ် ကလေးငယ်တစ်ဦး၏ ဖခင်ဖြစ်ပြီး ဂရင်းဝုဒ်မှာမူ ယခုနှစ်အစောပိုင်းက သူ၏ချစ်သူနှင့် ပြတ်စဲထားသူဖြစ်သည်။















