ကွန်တီကို နည်းပြသစ်ခန့်အပ်ရန် ရီးယဲလ်မက်ဒရစ်အသင်း စီစဉ်နေဟု သတင်းထွက်

ကွန်တီကို နည်းပြသစ်ခန့်အပ်ရန် ရီးယဲလ်မက်ဒရစ်အသင်း စီစဉ်နေဟု သတင်းထွက်
Published 18 October 2018

ရီးယဲလ်မက်ဒရစ်အသင်းသည် နည်းပြလိုပယ်တယ်ဟီ၏နေရာတွင် အစားထိုးရန် ချယ်လ်ဆီးအသင်းနည်းပြဟောင်း ကွန်တီအား ဆက်သွယ်မှုပြုလုပ်နေပြီး လာမည့်ရက်သတ္တပတ်အတွင်း ဆွေးနွေးသွားဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်နေသည်။

အီတလီသတင်းစာ Corriere dello Sport ၏ဖော်ပြချက်အရ ရီးယဲလ်မက်ဒရစ်အသင်းသည် ပြီးခဲ့သည့် တနင်္လာနေ့က ကွန်တီအား နည်းပြသစ်အဖြစ်ခန့်အပ်ရန် ဆက်သွယ်စုံစုမ်းမှုပြုလုပ်ခဲ့ကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းနှင့် ယခုရာသီအစတွင် လမ်းခွဲခဲ့သည့် ကွန်တီသည် ၎င်းအားထုတ်ပယ်ခဲ့သည့် ချယ်လ်ဆီးအသင်း၏ဆုံးဖြတ်ချက်အပေါ် ယခုအချိန်ထိ မကျေမနပ်ဖြစ်နေပြီး ဘောလုံးလောကသို့ ပြန်လည်ဝင်ရောက်ကာ ၎င်း၏အရည်အသွေးကို သက်သေပြရန် ဆန္ဒပြင်းပြလျက်ရှိသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် (၂)နှစ်ခွဲကြာကာလအတွင်း အောင်မြင်မှုများစွာ ရယူပေးခဲ့သည့် ဇီဒန်း၏နေရာတွင် စပိန်အသင်းနည်းပြဟောင်း လိုပယ်တယ်ဟီနှင့် အစားထိုးခဲ့သော်လည်း ယခုရာသီအစတွင် ရုန်းကန်နေရပြီး နောက်ဆုံးကစားခဲ့သည့်ပြိုင်ပွဲစုံ(၄)ပွဲတွင် (၃)ပွဲအထိ ရှုံးနိမ့်ခဲ့ကာ ယင်း(၄)စလုံး ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့သောကြောင့် ပြင်းပြင်းထန်ထန်ဝေဖန်မှုများနှင့် ရင််ဆိုင်နေရသည်။

သို့ဖြစ်ရာ ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဌ ပီရက်ဇ်အနေဖြင့် ၎င်း၏နေရာတွင် အစားထိုးရန် နည်းပြအချို့အား ဆက်သွယ်စုံစမ်းမှုများပြုလုပ်နေပြီး ကွန်တီမှာလည်း ဆက်သွယ်ခံရသည့်နည်းပြတစ်ဦးအဖြစ် ပါဝင်လာခြင်းဖြစ်သည်။ ရီးယဲလ်မက်ဒရစ်အသင်းသည် လိုပယ်တယ်ဟီ၏အနာဂတ်အား ယခုရက်သတ္တပတ်တွင်ကစားမည့် လီဗန်တေးအသင်းနှင့်ပွဲရလဒ်အပေါ်စောင့်ကြည့်ကာ ဆုံးဖြတ်သွားဖွယ်ရှိကြောင်း သိရသည်။

 

Most Read

Most Recent