ပရိသတ်များ၏ဆန္ဒမဲဖြင့် ရွေးချယ်မည့် PFA Fan's Player of the Year ဆုအတွက် ဆန်ခါတင်(၆)ဦးစာရင်းတွင် လီဗာပူးလ်မှ (၃)ဦးပါဝင်

ပရိသတ်များ၏ဆန္ဒမဲဖြင့် ရွေးချယ်မည့် PFA Fan's Player of the Year ဆုအတွက် ဆန်ခါတင်(၆)ဦးစာရင်းတွင် လီဗာပူးလ်မှ (၃)ဦးပါဝင်
Photo: Daily Mail
Photo: Daily Mail
Published 14 August 2020

ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့အစည်း (PFA)မှ ကြီးမှူး၍ ပရိသတ်များ၏ ဆန္ဒမဲဖြင့် ရွေးချယ်မည့် ၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ PFA Fan's Player of the Year ဆုအတွက် ဆန်ခါတင်ကစားသမား (၆) ဦးစာရင်းတွင် လီဗာပူးလ်အသင်းမှ (၃) ဦး ပါဝင်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ PFA Fan's Player of the Year ဆုကို ၂ဝဝ၁ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ပရီးမီးယားလိဂ်အပါအဝင် အင်္ဂလန်လိဂ်ပြိုင်ပွဲ(၄)ခုမှ အကောင်းဆုံးကစားသမားတစ်ဦးစီကို နှစ်စဉ်ရွေးချယ်ခြင်းလည်းဖြစ်သည်။ 

PFA က ဆန်ခါတင်ကစားသမားစာရင်းကို ထုတ်ပြန်ပေးပြီး ပရိသတ်များက PFA ၏ ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကာ ဆန္ဒမဲ ပေးရခြင်းဖြစ်သည်။ 

ပထမဆုံးချီးမြှင့်သည့် ပရီးမီးယားလိဂ်၏  PFA Fan's Player of the Year ဆုကို လီဗာပူးလ်ကွင်းလယ်ကစားသမား ဂျရတ်က ရရှိခဲ့ပြီး ပြီးခဲ့သည့်ရာသီတွင် ချယ်လ်ဆီးတောင်ပံကစားသမား ဟာဇက် ရရှိခဲ့သည်။ 

ချီးမြှင့်ခဲ့ပြီးသည့် (၁၈)ကြိမ်တွင် မန်ယူနှင့် လီဗာပူးလ်ကစားသမားများက (၅)ကြိမ်စီဖြင့် အများဆုံးရရှိထားကြခြင်းကြောင့် ယခုနှစ်တွင် လီဗာပူးလ်ကစားသမား ရရှိခဲ့ပါက အများဆုံးအသင်းအဖြစ် လွတ်လွတ်ကျွတ်ကျွတ်ဦးဆောင်နိုင်မည်ဖြစ်သည်။

    

၂၀၁၉-၂၀ ရာသီ PFA Fan's Player of the Year ဆုအတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်နေသူများမှာ လီဗာပူးလ်အသင်းမှ ဗန်ဒိုက်၊ မာနေနှင့် အာနိုးလ်၊ မန်စီးတီးအသင်းမှ စတာလင်နှင့် ဒီဘရိုင်းနား၊ လက်စတာအသင်းမှ ဗာဒီတို့ ဖြစ်သည်။ 

ယခုကစားသမားများမှာ PFA Fan's Player of the Year ဆုကို ရရှိဖူးခြင်းမရှိသေးသူများ ဖြစ်သောကြောင့် ဆုရရှိသူအသစ် ပေါ်ထွက်လာမည့်အခြေအနေပင်ဖြစ်သည်။  ပရိသတ်များအနေဖြင့် ဆန်ခါတင်စာရင်း ထုတ်ပြန်ပြီးချိန်မှစ၍ မဲပေးမှု ပြုလုပ်နိုင်ပြီဖြစ်ပြီး ဆုရရှိသူကို တနင်္လာနေ့တွင် ကြေညာဖွယ်ရှိကြောင်း သိရသည်။ 

■ PFA Fan's Player of the Year ဆု ရရှိခဲ့သော ကစားသမား ကိုယ်စားပြုခဲ့သည့်အသင်းများ

လီဗာပူးလ် - ၅ ကြိမ်

မန်ယူ - ၅ ကြိမ်

အာဆင်နယ် - ၄ ကြိမ်

ချယ်လ်ဆီး -၂ ကြိမ်

လက်စတာ - ၁ ကြိမ်

စပါး - ၁ ကြိမ်

Most Read

Most Recent