ဆန်ချိုအား မရောင်းချဖြစ်ပါက တစ်နှစ်လစာ ပေါင် ၅ ဒသမ ၄ သန်းမှ ပေါင်ကိုးသန်းအထိတိုးမြှင့်၍ စာချုပ်သစ်ချုပ်ဆိုရန် ဒေါ့မွန်အသင်း ကမ်းလှမ်းမည်

ဆန်ချိုအား မရောင်းချဖြစ်ပါက တစ်နှစ်လစာ ပေါင် ၅ ဒသမ ၄ သန်းမှ ပေါင်ကိုးသန်းအထိတိုးမြှင့်၍ စာချုပ်သစ်ချုပ်ဆိုရန် ဒေါ့မွန်အသင်း ကမ်းလှမ်းမည်
Photos : Getty Images
Photos : Getty Images
Published 9 August 2020

မန်ယူ အသင်းအနေဖြင့် ဒေါ့မွန်အသင်း တောင်းဆိုထားသည့် ပြောင်းရွှေ့ ကြေး ပေါင် ၁၀၈ သန်း (ယူရိုသန်း ၁၂၀) ကို ပေးချေလိုခြင်းမရှိသဖြင့် ကြန့်ကြာနေသလို ဒေါ့မွန်အသင်း တာဝန်ရှိသူများကလည်း အပြောင်းအရွှေ့အတွက် တိုက်ရိုက်ဖြစ်စေ၊ ကြားခံကိုယ်စားလှယ်မှတစ်ဆင့်ဖြစ်စေ ဆက်သွယ်ဆွေးနွေးမှုမရှိသေးကြောင်း တုံ့ပြန်ထားသည်။

ဒေါ့မွန်အသင်းသည် အင်္ဂလန် လူငယ်ကြယ်ပွင့် ဆန်ချိုအား မန်ယူအသင်းထံ မရောင်းချဖြစ်ပါက တစ်နှစ်လစာ ပေါင် ၅ ဒသမ ၄ သန်းမှ ပေါင်ကိုးသန်းအထိ တိုးမြှင့်၍ စာချုပ် သစ်ချုပ်ဆိုရန် ကမ်းလှမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

အသက် ၂၀ သာရှိသေးသည့် အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမား ဆန်ချိုသည် ယခုနွေရာသီတွင် မန်ယူအသင်း၏ ဦးစားပေးပစ်မှတ်ဖြစ်ပြီး ငါးနှစ်စာချုပ်ဖြင့်  ခေါ်ယူရန် ကစားသမားနှင့် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရထားပြီဖြစ်ကြောင်း ဗြိတိန်သတင်းဌာနများစွာက ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ဖော်ပြခဲ့ကြသည်။ 

သို့သော် မန်ယူ အသင်းအနေဖြင့် ဒေါ့မွန်အသင်း တောင်းဆိုထားသည့် ပြောင်းရွှေ့ ကြေး ပေါင် ၁၀၈ သန်း (ယူရိုသန်း ၁၂၀) ကို ပေးချေလိုခြင်းမရှိသဖြင့် ကြန့်ကြာနေသလို ဒေါ့မွန်အသင်း တာဝန်ရှိသူများကလည်း အပြောင်းအရွှေ့အတွက် တိုက်ရိုက်ဖြစ်စေ၊ ကြားခံကိုယ်စားလှယ်မှတစ်ဆင့်ဖြစ်စေ ဆက်သွယ်ဆွေးနွေးမှုမရှိသေးကြောင်း တုံ့ပြန်ထားသည်။ ဒေါ့မွန် အသင်းသည် ဆန်ချို၏အပြောင်း အရွှေ့အတွက် သြဂုတ် ၁၀ ရက်နောက်ဆုံးထား၍ ဆောင်ရွက်ရန် ကြိုတင်သတ်မှတ်ထားပြီး မရောင်းချဖြစ်ပါက လစာတိုးမြှင့်၍ စာချုပ်သစ်အတွက် ကမ်းလှမ်းရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ဆန်ချို၏ လက်ရှိစာချုပ်မှာ ၂၀၂၂ ခုနှစ်အထိ နှစ်နှစ်ကျန်ရှိနေပြီး တစ်ပတ်လစာ ပေါင် ၁၉၀၀၀၀ ဖြင့် တစ်နှစ်လျှင် ပေါင် ၅ ဒသမ ၄ သန်း (ယူရိုခြောက်သန်း) ရရှိနေသည်။ Bild သတင်းစာ၏ဖော်ပြချက်အရ ဒေါ့မွန်အသင်းသည် ဆန်ချိုအား တစ်နှစ်လစာ ပေါင်ကိုး သန်း (ယူရို ၁၀ သန်း) အထိ တိုးမြှင့် ပေးရန် စီစဉ်ထားပြီး လက်ရှိလစာ၏ နှစ်ဆနီးပါး တိုးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။ ဒေါ့မွန်အသင်း သည် အပြောင်းအရွှေ့သတင်းထွက် ပေါ်ခဲ့သည့် နာမည်ကြီးကစားသမားများကို အချိန်အတိုင်းအတာတစ်ခုအထိ ထိန်းထားနိုင်ရန် ယင်းနည်းလမ်းအသုံးပြုခဲ့ဖူးပြီး လီဝန်ဒေါစကီး နှင့် အူဘာမီယန်းတို့ကို အသင်း မပြောင်းရွှေ့မီ လစာတိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။ 

သို့သော် ဒေါ့မွန်အသင်း တိုးမြှင့်ကမ်းလှမ်းမည့်ပမာဏမှာ မန်ယူအသင်းက ပေးချေမည့် တစ်ပတ်လစာ ပေါင် ၃၄၀၀၀၀ ထက် တစ်ဝက်နီးပါးကွာဟနေသေးကြောင်း သိရသည်။ ၎င်း၏အပြောင်း အရွှေ့နှင့်ပတ်သက်၍  ဒေါ့မွန် အသင်း အမှုဆောင်ချုပ် ဗက်ဇ်ကယ်က "ဒီသတင်းက မန်ယူနိုက်တက် အမာခံပရိသတ်တွေ၊ ဆိုရှယ်မီဒီယာပေါ်ကလူတွေ အကြိမ်ပေါင်းများစွာ ဖော်ပြနေတဲ့သတင်း၊ မီဒီယာတွေက အတည်ပြုချင်နေတဲ့သတင်းဖြစ်ပါတယ်။ ဒါပေမဲ့ မမှန်ပါဘူး။ ကျွန်တော်တို့နှစ်သင်းကြားမှာ ဆန်ချိုနဲ့ ပတ်သက်ပြီး ဘာချိတ်ဆက်မှုမှမရှိမသေးပါဘူး"ဟု ငြင်းဆန်ပြောကြားခဲ့သည်။

ဒေါ့မွန်အသင်း အားကစား ဒါရိုက်တာ မီချာအယ်ဇော့ကလည်း " ဂျေဒန်က လာမယ့်တနင်္လာနေ့မှာလုပ်မယ့် လေ့ကျင့်ခန်းအစီအစဉ်ကို လာပါလိမ့်မယ်။ ပြီးတော့ ရာသီသစ်အတွက် ပြင်ဆင်လိမ့်မယ်လို့ ကျွန် တော်ပြောရဲပါတယ်။ ဘာအခက်အခဲမှ မရှိပါဘူး။ ဂျေဒန်က ဒီမှာအရမ်းပျော်ရွှင်နေပါတယ်။ ဒီမှာ ဆက်နေချင်ပါတယ်" ဟု ဆိုခဲ့သည်။

သို့သော် အပြောင်းအရွှေ့ သတင်းများ တင်ဆက်နေသည့် Transfer Window Podcast ကမူ ဆန်ချိုအနေဖြင့် မန်ယူအသင်းသို့ ပြောင်းရွှေ့ခွင့်ရရန် ဆန္ဒရှိနေသလို မန်ယူအသင်း ကစားသမားများ ပါဝင်သည့် WhatsApp အဖွဲ့တွင် ပါဝင်နေပြီဟု ယုံကြည်ရကြောင်း ကြေညာထားသည်။

Most Read

Most Recent