ပြည်တွင်းဘောလုံးပြိုင်ပွဲများ ကျင်းပနိုင်ရန် ကလပ်အသင်းအားလုံး Camp Quarantine နေထိုင်ရမည်

ပြည်တွင်းဘောလုံးပြိုင်ပွဲများ ကျင်းပနိုင်ရန် ကလပ်အသင်းအားလုံး Camp Quarantine နေထိုင်ရမည်
Photo: MNL
Photo: MNL
Published 9 August 2020

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ လက်ကျန်ပွဲများယှဉ်ပြိုင်မည့် ကလပ်အသင်း ၁၀ သင်းအနက် ရန်ကုန်နှင့် အား/ကာသိပ္ပံ အသင်းမှလွဲ၍ ကျန်ရှစ်သင်းမှာ မြန်မာနေရှင် နယ်လိဂ်က စီစဉ်ပေးသည့် လက်ရွေးစင် ကစားသမားများ နားနေဆောင်တွင် သြဂုတ် ၉ ရက် ညနေပိုင်းကတည်းက နေထိုင်လေ့ကျင့် ရမည်ဖြစ်သည်။

 

မြန်မာနေရှင်နယ်လိဂ်သည် MNL ပြိုင်ပွဲအပါအဝင် ပြည်တွင်းဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်လျက်ရှိပြီး ကလပ်အသင်းများအားလုံး Camp Quarantine နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သည် ပြည်တွင်းဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရန်အတွက် ကလပ်အသင်းအားလုံးကို COVID -19  ရောဂါပိုးရှိမရှိ စစ်ဆေးရန် ညွှန်ကြားထားသလို ရောဂါကူးစက်မှုမရှိ စေရန် အုပ်ချုပ်မှုအဖွဲ့၊ နည်းပြအဖွဲ့နှင့် ကစားသမားအားလုံးကို Camp Quarantine ပုံစံ နေထိုင်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာနေရှင်နယ်လိဂ်သည် အင်အား ၃၀ ကျော် တစ်ချိန်တည်း နေထိုင်နိုင်သည့် နားနေဆောင်မရှိသော အသင်းများအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ လက်ရွေးစင်ကစားသမားများ နားနေဆောင်ကို ယာယီ Camp အဖြစ် အသုံးပြုခွင့်ပေးမည်ဖြစ်သည်။ 

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ လက်ကျန်ပွဲများယှဉ်ပြိုင်မည့် ကလပ်အသင်း ၁၀ သင်းအနက် ရန်ကုန်နှင့် အား/ကာသိပ္ပံ အသင်းမှလွဲ၍ ကျန်ရှစ်သင်းမှာ မြန်မာနေရှင် နယ်လိဂ်က စီစဉ်ပေးသည့် လက်ရွေးစင် ကစားသမားများ နားနေဆောင်တွင် သြဂုတ် ၉ ရက် ညနေပိုင်းကတည်းက နေထိုင်လေ့ကျင့် ရမည်ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်သည် ကလပ်အသင်းရှစ်သင်းအတွက် လက်ရွေးစင် ကစားသမားများ နားနေဆောင် ၁၊ ၂၊ ၃ ကို စီစဉ်ပေးထားပြီး အဆောင် ၁ တွင် Southern၊ ရတနာပုံ၊ ဟံသာဝတီ၊ အဆောင် ၂ တွင် ရခိုင်၊ မကွေး၊ ဧရာဝတီ၊ အဆောင် ၃ တွင် စစ်ကိုင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ တစ်ခန်းလျှင် နှစ်ဦးနှုန်းဖြင့် နေထိုင်ရမည် ဖြစ်သည်။

"ကျွန်တော်တို့အနေနဲ့ ဘောလုံးပြိုင်ပွဲတွေ ပြန်လည်စတင်ခွင့်ရဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်နေပါတယ်။ ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အတိုင်း ကိုယ်ပိုင် Camp မရှိတဲ့အသင်းတွေကို ကျွန်တော်တို့ ဘောလုံး အဖွဲ့ချုပ်က အဆောင်တွေမှာ Camp ပုံစံ နေထိုင်စေမှာဖြစ်ပါတယ်။ အား/ကာသိပ္ပံ အသင်းကတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တည်ထောင်ထားတဲ့အသင်းဖြစ်တာကြောင့် သူတို့ Camp မှာပဲ နေထိုင်မှာဖြစ်ပါတယ်။ ကလပ်အသင်းတွေ အားလုံး နေထိုင်နိုင်ဖို့ ဆောင်ရွက်ပေးထားပါတယ်။ ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အတိုင်း  ကလပ်အသင်းတွေအနေနဲ့ ပြိုင်ပွဲပြီးဆုံးတဲ့ အချိန်ထိ Camp Quarantine ပုံစံ နေထိုင်ရမှာပါ" ဟု MNL အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ပြောကြားခဲ့သည်။

MFF လက်ရွေးစင်ကစားသမားများ နားနေဆောင်တွင် နေထိုင်မည့် ကလပ်အသင်းများသည် သြဂုတ် ၉ ရက် (ယနေ့) ညနေ ၄ နောက်ဆုံးထား၍ ရောက်ရှိရမည် ဖြစ်ပြီး အစားအသောက်များကိုမူ ကလပ်အသင်း၏ အစီအစဉ်ဖြင့်သာ စားသောက်ရမည်ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်သည် အသင်းတစ်သင်းလျှင် အုပ်ချုပ်/နည်းပြနှင့် ကစားသမား ၃၀ သတ်မှတ်ထားပြီး ကလပ် အသင်းရှစ်သင်းရှိသောကြောင့် အင်အားစုစုပေါင်း ၂၄၀ လာရောက်နေထိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent