လက်ဘနွန်နိုင်ငံ မြို့တော်ဘေရွတ်တွင် ဩဂုတ် ၄ ရက်က ဧရာမပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ပြီး မြို့တော်၏ အဆောက်အအုံ အများအပြားတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။
ထိုပေါက်ကွဲမှုကြောင့် စတင်ဖြစ်ပွားသည့်နေရာ၏ ကောင်းကင်တွင် မှိုပွင့်သဏ္ဍာန် တိမ်ထုကြီး ဖြစ်ထွန်းခဲ့သည်။

ဘေရွတ်၏စက်မှုဆိပ်ကမ်းတွင် မီးလောင်မှုကြီးဖြစ်ပွားနေသည်ကို လူအများအပြားက ဗီဒီယိုရိုက်ကူးခဲ့ပြီး လူမှုမီဒီယာတွင် တင်ခဲ့ကြသည်။
မီးလောင်ပေါက်ကွဲမှုကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

အရေးပေါ်ဆက်သွယ်ရန် ဖုန်းလိုင်းကို ဆက်သွယ်ခေါ်ဆိုမှု ထောင်ချီရှိခဲ့ပြီး အရေးကြီးကိစ္စအတွက်သာ အသုံးပြုကြရန် လက်ဘနွန်ကြက်ခြေနီအဖွဲ့က ပန်ကြားခဲ့သည်။
မီးရှူးမီးပန်းပစ္စည်းဂိုဒေါင်တွင် ပေါက်ကွဲမှု ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ကနဦးသတင်းများက ဆိုခဲ့သည်။ ဘေရွတ်ဆိပ်ကမ်းတွင် မီးလောင်ခဲ့ပြီးနောက် ပေါက်ကွဲမှုကြီး ဖြစ်ခဲ့သည်ဟု လက်ဘနွန်အစိုးရ သတင်းအေဂျင်စီ NNA က ဖော်ပြခဲ့သည်။

























