မြန်မာနိုင်ငံ၏ အဓိကပို့ကုန်တစ်ခုဖြစ်သည့် ဆန်၊ ဆန်ကွဲတင်ပို့မှု ယခင်နှစ်က တန်ချိန် ၂ ဒသမ ၃ သန်း တင်ပို့နိုင်ခဲ့ပြီး နိုင်ငံခြားဝင်ငွေဒေါ်လာ သန်း ၇၀၀ ခန့်ရရှိခဲ့သဖြင့် လက်ရှိဘဏ္ဍာနှစ်တွင် တန်ချိန် ၂ ဒသမ ၅ သန်းခန့် တင်ပို့နိုင်မည်

မြန်မာနိုင်ငံ၏ အဓိကပို့ကုန်တစ်ခုဖြစ်သည့် ဆန်၊ ဆန်ကွဲတင်ပို့မှု ယခင်နှစ်က တန်ချိန် ၂ ဒသမ ၃ သန်း တင်ပို့နိုင်ခဲ့ပြီး နိုင်ငံခြားဝင်ငွေဒေါ်လာ သန်း ၇၀၀ ခန့်ရရှိခဲ့သဖြင့် လက်ရှိဘဏ္ဍာနှစ်တွင် တန်ချိန် ၂ ဒသမ ၅ သန်းခန့် တင်ပို့နိုင်မည်
Published 4 August 2020

မြန်မာနိုင်ငံ၏ အဓိကပို့ကုန်တစ်ခုဖြစ်သည့် ဆန်၊ ဆန်ကွဲတင်ပို့မှု ယခင်နှစ်က တန်ချိန် ၂  ဒသမ ၃ သန်း တင်ပို့နိုင်ခဲ့ပြီး နိုင်ငံခြားဝင်ငွေ ဒေါ်လာ သန်း ၇၀၀ ခန့် ရရှိခဲ့သဖြင့် လက်ရှိဘဏ္ဍာနှစ်တွင် တန်ချိန် ၂ ဒသမ ၅ သန်းခန့် တင်ပို့နိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“ မြန်မာနိုင်ငံရဲ့ အဓိကပို့ကုန်တစ်ခုဖြစ်တဲ့ ဆန်၊ ဆန်ကွဲနဲ့ ပတ်သက်လို့ရှိရင် ပြီးခဲ့တဲ့နှစ်မှာ တန်ချိန် ၂ ဒသမ ၃ သန်းတင်ပို့နိုင်ခဲ့ပြီး နိုင်ငံခြားဝင်ငွေ ဒေါ်လာ သန်း ၇၀၀ လောက် ရရှိပါတယ်။ ဒီနှစ်မှာဆိုရင် တန်ချိန်  ၂ ဒသမ ၅ သန်းလောက်အထိ တင်ပို့နိုင်မယ့် အနေအထားမျိုး ရှိပါတယ်” ဟု စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

လက်ရှိ ဘဏ္ဍာနှစ် ၁၀ လခန့်တွင် ဆန်တင်ပို့မှု လျော့ကျခဲ့သော်လည်း ဆန်ကွဲတင်ပို့မှု မြင့်တက်ခဲ့သဖြင့်  ဆန်နှင့် ဆန်ကွဲ တန်ချိန် စုစုပေါင်း သုံးသိန်းခွဲကျော် ပိုမိုတင်ပို့နိုင်ခဲ့ပြီး ဝင်ငွေဒေါ်လာ ၁၀၆ သန်းကျော် ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇူလိုင် ၂၄ ရက်အထိ ဆန်နှင့် ဆန်ကွဲ တန်ချိန် စုစုပေါင်း ၂ ဒသ မ ၂၇၈ သန်းတင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၆၈၅ ဒသမ ၉၈ သန်း ရရှိထားသည်။

ယခင်နှစ်ကာလတူတွင် ဆန်နှင့် ဆန်ကွဲ တန်ချိန်စုစုပေါင်း ၁ ဒသမ ၉၂သန်းကျော်သာ တင်ပို့ထားပြီး ဝင်ငွေဒေါ်လာ သန်း ၅၈၀ နီးပါး ရရှိထားသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ၁၀ လခန့်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် စုစုပေါင်း ၃၅၇၄၄၄ ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ဝင်ငွေဒေါ်လာ ၁၀၆ သန်း ပိုမိုရရှိခဲ့သည်။

ယခင်ကဲ့သို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု မြင့်တက်ခဲ့ခြင်းက ပြည်ပသို့ ဆန်ကွဲတင်ပို့မှု မြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

“ ဒီနှစ်မှာ ဆန်တင်ပို့မှုကတော့ ယခင်နှစ်ထက် အနည်းငယ်လျော့ကျတယ်။ ဆန်ကွဲ တင်ပို့မှုမှာကျတော့ ယခင်နှစ်ထက် ပိုမိုတင်ပို့ထားတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လက်ရှိဘဏ္ဍာနှစ် ၁၀ လခန့်၌ ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၄၃ သန်း တင်ပို့ထားပြီး ဝင်ငွေဒေါ်လာသန်း ၄၆၀ နီးပါး ရရှိထားသည်။ ယခင်နှစ်ကာလတူထက် တန်ချိန် တစ်သိန်းကျော် လျော့ကျခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၁၇ သန်း လျော့ကျခဲ့ကြောင်း သိရသည်။

သို့သော် ဆန်ကွဲတန်ချိန် ၈၄၇၆၂ တင်ပို့မှ ဝင်ငွေဒေါ်လာ ၂၂၇ သန်းနီးပါး ရရှိထားသည်။ ယခင်နှစ်ကာလတူထက် တန်ချိန် ၄၅၉၈၈၆ ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ဝင်ငွေ ဒေါ်လာ ၁၂၃ သန်း ပိုမိုရရှိထားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း နှစ်ခုစလုံးမှ တင်ပို့လျက်ရှိသည်။

ပင်လယ်ရေကြောင်းမှ ဥရောပ၊ အာဖရိက၊ တရုတ်နိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ပြီး နယ်စပ်လမ်းကြောင်းမှ အိမ်နီးချင်းနိုင်ငံများနှင့် တရုတ်သို့ တင်ပို့နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ဆန်များရောင်းချပေးရန် တချို့နိုင်ငံများက ကမ်းလှမ်းမှုများရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။