FA ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ပြီးနောက် အာဆင်နယ်အသင်းနည်းပြ အာတီတာနှင့် အသင်းခေါင်းဆောင် အူဘာမီယန်းတို့ ထူးခြားသည့်စံချိန်မှတ်တမ်းများ တင်ရှိ

FA ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ပြီးနောက် အာဆင်နယ်အသင်းနည်းပြ အာတီတာနှင့် အသင်းခေါင်းဆောင် အူဘာမီယန်းတို့ ထူးခြားသည့်စံချိန်မှတ်တမ်းများ တင်ရှိ
Published 3 August 2020

ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော FA ဖလားဗိုလ်လုပွဲတွင် ချယ်လ်ဆီးအသင်းအား (၂-၁)ဂိုးဖြင့်အနိုင်ရရှိကာ ဗိုလ်စွဲခဲ့ပြီးနောက် အာဆင်နယ်အသင်းနည်းပြ အာတီတာနှင့် အသင်းခေါင်းဆောင် အူဘာမီယန်းတို့ သည် ထူးခြားသည့်စံချိန်မှတ်တမ်းများစွာ တင်ရှိနိုင်ခဲ့ ကြောင်း သိရှိရသည်။

အာတီတာသည် အာဆင်နယ်အသင်းတွင် FA ဖလားကို အသင်းခေါင်းဆောင်အဖြစ်ရော၊ နည်းပြအဖြစ်ပါ ကိုင်မြှောက်နိုင်သည့် ပထမဆုံးပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

အာဆင်နယ်အသင်းတွင် ၂၀၁၁ မှ၂၀၁၆ အထိကစားခဲ့သော အာတီတာသည် ၂၀၁၄ FA ဖလား ချန်ပီယံ အာဆင်နယ်အသင်းတွင် အသင်းခေါင်းဆောင်အဖြစ် ကစားခဲ့သူဖြစ်သည်။

ထို့ပြင် အာတီတာသည် နှစ်ပေါင်း(၃၃)နှစ်အတွင်း အာဆင်နယ်အသင်းတွင် ပထမဆုံးရာသီ၌ အဓိကဆုဖလားတစ်လုံးကို ရယူဆွတ်ခူးနိုင်သည့် ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။

၁၉၈၆-၈၇ ဘောလုံးရာသီက အာဆင်နယ်အသင်းကိုစတင်ကိုင်တွယ်ခဲ့သော စကော့တလန်လူမျိုးနည်းပြ ဂျော့ချ်ဂရေဟမ်သည် ပထမဆုံးရာသီတွင် အသင်းအတွက် လိဂ်ဖလားကို ရယူဆွတ်ခူးပေးနိုင်ခဲ့ပြီး ယခုအာတီတာက အသင်းအား ကိုင်တွယ်ပြီး (၇)လကျော်အကြာတွင်ပင် FA ဖလားကို ရယူဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ် သည်။

အာဆင်နယ်အသင်းခေါင်းဆောင် အူဘာမီယန်း မှာ FA ဖလားကို အသင်းခေါင်းဆောင်အဖြစ် ကိုင်မြှောက်နိုင်သော ပထမဆုံးအာဖရိကကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး နှစ်ပေါင်း(၇၀)အတွင်း FA ဖလားဗိုလ်လုပွဲများ၌ ဂိုး(၂)ဂိုးသွင်းယူနိုင်သည့် ပထမဆုံးအာဆင်နယ်ကစားသမားလည်း ဖြစ်လာခဲ့သည်။

၁၉၅၀ FA ဖလားဗိုလ်လုပွဲတွင် အာဆင်နယ်တိုက်စစ်မှူး ရက်ဂ်လူးဝစ်က လီဗာပူးလ်အသင်းဘက်သို့ (၂)ဂိုးသွင်းယူပြီးနောက်ပိုင်း အာဆင်နယ်အသင်းမှာ FA ဖလား ဗိုလ်လုပွဲသို့ (၁၆)ကြိမ် တက်ရောက်နိုင်ခဲ့သည်။

သို့သော် ဗိုလ်လုပွဲတွင် (၂)ဂိုးသွင်းယူနိုင်သူမရှိခဲ့ဘဲ အူဘာမီယန်းက ပထမဆုံး ပြန်လည်သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အသက်(၃၁)နှစ်ရှိပြီဖြစ်သော အူဘာမီယန်းသည် ၁၉၃၂ FA ဖလားနောက်ပိုင်း ဗိုလ်လုပွဲများတွင် ဂိုးသွင်းသူများထဲ၌ အသက်အကြီးဆုံးအာဆင်နယ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။

၁၉၃၂ FAဖလားဗိုလ်လုပွဲ နယူးကာဆယ်(၂-၁)အာဆင်နယ်ပွဲတွင် ဂိုးသွင်းခဲ့သည့် အာဆင်နယ်နောက်ခံလူ ဘော့ဘ်ဂျွန်မှာ ထိုစဉ်က အသက်(၃၃)နှစ်ရှိပြီဖြစ်ပြီး ၎င်းနောက်ပိုင်း အူဘာမီယန်းမှာ FA ဖလားဗိုလ်လုပွဲ၌ ဂိုးသွင်းသည့် အသက်အကြီးဆုံး အာဆင်နယ်ကစားသမားဖြစ်လာခဲ့သည်။

အူဘာမီယန်းသည် အာဆင်နယ်သို့ရောက်ရှိလာသည့် ၂၀၁၈ ဖေဖော်ဝါရီမှစ၍ အသင်းအတွက် ပြိုင်ပွဲစုံ ဂိုး(၇၀)သွင်းယူထားပြီး ယင်းကာလအတွင်း သူ့ထက်ဂိုးပိုသွင်းသည့် ပရီးမီးယားလိဂ်ကစားသမား မရှိပေ။

 

Most Read

Most Recent