ဩဂုတ်လအတွင်း ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပွဲစဉ်များကို BT Sport ရုပ်သံလိုင်းက You Tube တွင် အခမဲ့ပြသမည်

ဩဂုတ်လအတွင်း ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပွဲစဉ်များကို BT Sport ရုပ်သံလိုင်းက You Tube တွင် အခမဲ့ပြသမည်
Photos: BT Sport & Getty Images
Photos: BT Sport & Getty Images
Published 31 July 2020

နာမည်ကျော်ရုပ်သံလွှင့်ကုမ္ပဏီတစ်ခုဖြစ်သည့် BT Sport  သည် လာမည့်ဩဂုတ်လအတွင်း ယှဉ်ပြိုင်ကစားသွားမည့် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပွဲစဉ်များကို You Tube မှတစ်ဆင့် အခမဲ့တိုက်ရိုက်ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

    

BT Sport  သည် You Tube အပြင် ၎င်းတို့၏ Mobile App နှင့် ဝက်ဘ်ဆိုက်တို့တွင်လည်း ပြသသွားမည်ဖြစ်ပြီး (၁၉)ရက်အတွင်း ကစားသွားမည့် ပွဲစဉ်(၂၆) ပွဲစလုံးကို ပြသမည်ဖြစ်ကာ၊ ဘောလုံးပွဲတော်အမည်ဖြင့် ပြသသွားမည်ဖြစ်သည်။ 

အလားတူ Podcast အနေဖြင့်လည်း Club 2020 Daily With James Richardson အမည်ဖြင့် ထုတ်လွှင့်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ဗြိတိန် ဒေသတစ်ဝှမ်းတွင် နားထောင်သူ သန်း(၆၀)ခန့် ရှိလိမ့်မည်ဟု BT Sport  က ယုံကြည်လျက်ရှိသည်။ 

လက်ရှိအချိန်တွင် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် (၂)ခုပေါင်းတွင် အင်္ဂလိပ်ကလပ်အသင်း(၄)သင်း ယှဉ်ပြိုင်လျက်ရှိပြီး ချန်ပီယံလိဂ်တွင် မန်စီးတီးနှင့် ချယ်လ်ဆီး၊ ယူရိုပါလိဂ်တွင် မန်ယူနှင့် ဝုလ်ဗ်အသင်းတို့ဖြစ်သည်။ 

ပြိုင်ပွဲနှစ်ရပ်စလုံး၏ ဗိုလ်လုပွဲအပါအဝင် စုစုပေါင်း(၁၉)ရက်အတွင်း (၂၆)ပွဲရှိမည်ဖြစ်ကာ၊ ကွာတားဖိုင်နယ်အဆင့်မှ စတင်ပြီး ပရိသတ်အသံများကိုလည်း ထည့်သွင်းသွား မည်ဖြစ်သည်။

    

BT Sport  ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဆိုင်မွန်ဂရင်းက "ဩဂုတ်လကတော့ ဥရောပထိပ်တန်းကလပ် အသင်းကြီးတွေရဲ့ ပွဲစဉ်တွေကို စောင့်ကြည့်ရင်း ဘောလုံးပရိသတ်အားလုံးအတွက် အထူးရင်ခုန်စရာကောင်းတဲ့ လတစ်လဖြစ်လာပါလိမ့်မယ်။ ပွဲစဉ်တိုင်းကို ပရိသတ်တွေက အခမဲ့ကြည့်ရှုနိုင်မှာဖြစ်တဲ့အပြင် အစီအစဉ်သစ် တစ်ခုအဖြစ် နာမည်ကျော် သတင်းတင်ဆက်သူတစ်ဦး ဖြစ်တဲ့ ရစ်ချတ်ဆန်ရဲ့  Podcast  အစီအစဉ်တွေကိုလည်း အခမဲ့ ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့ ဘယ်နေရာမဆို အခမဲ့ကြည့်လို့ရမယ့် အစီအစဉ်တစ်ခုဖြစ်ပြီး ပွဲစဉ်ဟိုက်လိုက်တွေနဲ့ ဆွေးနွေးမှုတွေကိုလည်း ကြည့်ရှုခွင့်ရပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။

ဥရောပပွဲစဉ်များသည် ဩဂုတ်လ(၅)ရက်နေ့တွင် ပြန်လည်စတင်မည်ဖြစ်ပြီး ယူရိုပါလိဂ်ပွဲစဉ်တစ်ပွဲဖြစ်သည့် မန်ယူအသင်းနှင့် ဩစတြီးယားကလပ် LASK အသင်းတို့၏ ပွဲစဉ်ကို စတင်ကစားမည်ဖြစ်သည်။ 

ယူရိုပါလိဂ်ပြိုင်ပွဲစတင်ပြီး (၂)ရက်အကြာတွင် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် မန်စီးတီး - ရီးယဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ် - လိုင်ယွန်ပွဲစဉ်များကို စတင်မည်ဖြစ်ပြီး ဗိုလ်လုပွဲနှစ်ပွဲကို ဩဂုတ် (၂၁)နှင့် (၂၃)တို့တွင် ကစားသွားမည်ဖြစ်သည်။

Most Read

Most Recent