ကချင်ပြည်နယ်အပါအဝင် နိုင်ငံအတွင်းမှ စစ်ပွဲများရပ်တန့်ရေး ငြိမ်းချမ်းရေး လူထုချီတက်ပွဲ ပြုလုပ်မှုကြောင့် ပုဒ်မ ၂၀ ဖြင့် တရားစွဲခံရသူ ၁၇ ဦးအား ဗဟန်းမြို့နယ် တရားရုံးက ဇူလိုင် ၁၀ ရက်က ငွေဒဏ် ကျပ် ၅၀၀၀ ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။
နှစ်နှစ်ကျော်ကြာမြင့်ခဲ့သော အဆိုပါ အမှုကိုအမိန့်ချရာတွင် ဒဏ်ငွေ ကျပ် ၅၀၀၀ မပေးဆောင်ပါက ထောင်ဒဏ်ခုနစ်ရက်ကျ ခံစေရန်ပါပါရှိသည်။
ဗဟန်းမြို့နယ်တရားရုံး တရားသူကြီးက “ပုဒ်မ ၂၀ ပါ ပြဋ္ဌာန်းချက်များ ကျူးလွန်ကြောင်း တွေ့ရှိရသဖြင့် ဒဏ်ငွေ ၅၀၀၀ ကျပ်ပေးဆောင်ရန်၊ မပေးဆောင်ပါက ထောင်ဒဏ် ခုနစ်ရက်ကျ ခံစေရန်၊ ရက် ၃၀ အတွင်း အယူခံတက်ခွင့်ရှိသည်” ဟု အမိန့်အား ချမှတ်ခဲ့သည်။
တရားစွဲခံရသူ ၁၇ ဦးအနက် သုံးဦးမှာ ထောင်ကျ ချုပ်နှောင်ခံထားရသူများဖြစ်နေ၍ ငွေဒဏ်ပေးဆောင်ခြင်း မပြုတော့ဘဲ ထောင်ဒဏ်သာရွေချယ်ခဲ့ပြီး ကျန် ၁၄ ဦးမှာ ငွေဒဏ်ပေးဆောင်ခဲ့ကြောင်း သိရသည်။
တရားစွဲခံရသူများ၏ ရှေ့နေတစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က “အမိန့်ကတော့ ဒဏ်ငွေ ၅၀၀၀ ဆောင်ရမယ်။ ဒဏ်ငွေမဆောင်ရင် ခုနစ်ရက်ကျခံရမယ်။ အဲဒီမှာ သုံးယောက်က အချုပ်ထဲ ရောက်နေတယ်။ ဇေယျာလွင်က ထောင်ကျနေတယ်။ နောက်နှစ်ယောက်က အချုပ်ထဲရောက်နေတယ်။ သုံးယောက်က ဒဏ်ငွေမဆောင်ဘူး။ ဘာလို့လဲဆိုသူတို့က ဒဏ်ငွေဆောင်လည်း လွတ်မှာမဟုတ်ဘူး။ ဥပဒေအရ သူတို့ကမဆောင်လည်းပဲ သူတို့က ထောင်ထဲ အချုပ်ထဲမှာပဲနေရမယ်။ ကျန်တဲ့ သူအားလုံး ဒဏ်ငွေဆောင်ကြပါတယ်” ဟု ပြောကြားသည်။
ငြိမ်းချမ်းစွာစုဝေးခွင့်ဥပဒေ ပုဒ်မ ၂၀ ဖြင့် အမိန့်ချမှတ်ခံရသည့် ၁၇ ဦးမှာ မအိအိမိုး၊ ကိုစည်သူအောင်(ခ) မောင်ဆောင်းခ၊ ကိုပိုင်ရဲသူ၊ မသင်ဇာရွှန်းလဲ့ရည်၊ မရှားယမုံ၊ ကိုမိုးသွေး၊ ကိုသက်ဆွေဝင်း၊ ကိုတင်ထွဋ်ပိုင်၊ မသက်ထားနွယ်၊ မခင်စန္ဒာထွန်း၊ ကိုမြတ်ကျော်၊ ကိုဇေယျာလွင်၊ ကိုပြည့်ဖြိုးနိုင်၊ ကိုသိန်းစိုးလင်းတို့ အပါအဝင်ဖြစ်ကြောင်း သိရသည်။
တရားစွဲခံရသူများသည် တရားရုံးမှ အမိန့်မချမှတ်မီ နာရီပိုင်းအလိုခန့်တွင် “ငြိမ်းချမ်းရေးသေဆုံးသွားပြီလား” စာသားပါ စတေကာနှင့် စာရွက်များကိုင်ဆောင်၍ ဗဟန်းတရားရုံးရှေ့တွင် လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြသည်။
နိုင်ငံအတွင်း စစ်ပွဲများရပ်တန့်ရေးနှင့် စစ်ပွဲကြောင့် ပိတ်မိနေသူများကို လွတ်လပ်စွာ ကူညီခွင့်ရရှိရေး အရပ်ဘက်အဖွဲ့အစည်းများက လူထုချီတက်ပွဲ ၂၀၁၈ ခုနှစ် မေ ၁၂ ရက် ညနေ ၅ နာရီဝန်းကျင်က တာမွေအဝိုင်း အနီးအိုးရှင်စျေးဝယ်စင်တာရှေ့တွင် ပြုလုပ်ခဲ့ကြပြီး ထိုသို့လှုပ်ရှားတောင်းဆိုနေသူများအား ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းကာ ဦးဆောင်သူများအပါအဝင် ၁၇ ဦးအား ဖမ်းဆီးခဲ့ကြောင်းသိရသည်။
ငြိမ်းချမ်းရေးလူထုချီတက်ပွဲပြုလုပ်သူများက စစ်ပွဲများရပ်တန့်ရေးအကြောင်း ရေးသားထားသည့် ဆိုင်းဘုတ်များနှင့် အပြာရောင်အလံများ ကိုင်ဆောင်၍ စစ်ပွဲကြောင့် ပိတ်မိနေသူများကို လွတ်လပ်စွာကူညီခွင့် ရရှိရေးကို ကြွေးကြော်တောင်းဆိုခဲ့ကြပြီး ငြိမ်းချမ်းစွာ စီတန်းလှည့်လည် စုဝေးလမ်းလျှောက်ခွင့်ပြုရန် တောင်းဆိုရာ သက်ဆိုင်ရာက မပြုလုပ်ရန်နှင့်လူစုခွဲပေးရန်သာ အသိပေးပြောကြားခဲ့သည်။
ထို့နောက်ငြိမ်းချမ်းရေး လူထုချီတက်ပွဲ ပြုလုပ်သူများက တာမွေအိုးရှင်းစင်တာ အပြင်လျှောက်လမ်းရှေ့တွင် စုဝေးထိုင်ကာ ကမ္ဘာမြေငြိမ်းချမ်းရေး သီချင်းသီဆိုခြင်းများ ပြုလုပ်ခဲ့ကြပြီး ရဲတပ်ဖွဲ့က လမ်းဖွင့်မပေးဘဲ လူစုခွဲပြန်ရန် ပြောဆိုခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်များက ရဲတပ်ရင်းရဲတပ်ဖွဲ့၊ မြို့မရဲတပ်ဖွဲ့ဝင်များ၊ လူဖြိုခွင်းရာတွင် အသုံးပြုသည့် ရေအမြောက်ကားများဖြင့် အင်အားအများအပြား အသုံးပြုကာ လမ်းများပိတ်ဆို့၍ ဖြိုခွဲဖမ်းဆီးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။















