ကလေးမြို့နယ် ဥယျာဉ်ကျေးရွာအုပ်စု အူဒူကျေးရွာမှ ကျေးရွာသား သုံးဦးသည် ရွာ၏ အရှေ့ဘက်တွင် ၀ါးခုတ်သွားရာ၊ အဆိုပါ ရွာသားများ ယာယီနေထိုင်သော တဲပေါ်သို့ ကျောက်တုံး ပြုတ်ကျကာ သုံးဦးစလုံး သေဆုံးခဲ့သည်ဟု အဆိုပါ ကျေးရွာမှ ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
“ကျွန်တော်တို့အုပ်စုကတော့ ဟုတ်ပါတယ်။ ဥယျာဉ်အုပ်စု အူဒူကျေးရွာက။ သူတို့က ၀ါးခုတ်သွားတာ။ ၀ါးခုတ်သွားရင်း တဲထိုးအိပ်တာ။ သူတို့အိပ်တဲ့နေရာက တောင်စောင်း (ကျစ်မြေပြိုတဲ့နေရာ) မှာ အိပ်တာ။ သူတို့ ၀ါးခုတ်သွားပြီး စနေနေ့ညမှာ မိုးကြီးသဲကြီး ရွာတဲ့ညမှာ သူတို့အိပ်တဲ့နေရာနဲ့ အတောင် ၂၀၀ လောက် အကွာမှာရှိတဲ့ ကျောက်တုံးကြီးက ပြိုလိမ့်လာပြီးတော့ သူတို့တဲအပေါ်ကို ဖိချလိုက်တာ။ သုံးယောက်စလုံး တစ်ခါထဲ ဖိလိုက်တော့တာပါ” ဟု အဆိုပါကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။
အဆိုပါ အဖြစ်အပျက်ကို သေဆုံးသူ တစ်ဦး၏ဖခင်က တောထဲသွားသည့်သူများမှာ ရက်ကြာနေပြီး အဆက်အသွယ် မရသည့်အတွက် လိုက်သွားရာမှ သိရှိခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါ အူဒူကျေးရွာသည် ကလေးမြို့ အရှေ့ဘက် မြစ်သာမြစ်၏ အရှေ့ဘက်ကမ်းတွင်ရှိသော ကျေးရွာဖြစ်သည်ဟု သိရသည်။ အူဒူကျေးရွာသို့ ကလေးမြို့မှသွားလျှင် အောင်မေတ္တာ ရပ်ကွက်မှတစ်ဆင့် ယခုလို မိုးရာသီတွင် စက်လှေများဖြင့် သွားလာကြရသည်ဟု သိရသည်။
“သူ့အဖေသွားမှ သိလိုက်တော့တာ။ ပြန်မလာဘဲ ရက်ကြာနေလို့ လိုက်သွားတာ။ ၅ ရက်နေ့မှာ ပြန်မလာတော့ စိတ်ပူလို့ လိုက်သွားတာ။ မနေ့ကမှ သိတာ။ အူဒူရွာရဲ့ အရှေ့ဘက် ရိုးမတောင်ပေါ်မှာပါ။ ရွာကနေဆိုရင် နှစ်မိုင်ခွဲလောက် လမ်းလျှောက်ရမှာပါ။ အရင်တုန်းက ဒီလိုအဖြစ်မျိုး တစ်ခါမှ မကြားမိဖူးဘူး။ ရွာကနေတော့ တောထဲကို မျှစ်ချိုး၊ မှိုရှာ၊ ၀ါးခုတ်ကတော့ သွားနေကြတာပါပဲ။ အခုမှ ဒီလိုအဖြစ်မျိုး ကြားဖူးတော့တာ” ဟု ကျေးရွာဒေသခံက ဆက်လက်ပြောကြားသည်။
ဇွန် ၁၁ ရက် ညနေပိုင်းကလည်း ကလေးမြို့-ကလေးဝမြို့ ကားလမ်းပေါ်တွင် စီးနင်းလာသည့် ဆိုင်ကယ်ပေါ်သို့ လမ်းဘေးကမ်းပါးယံပေါ်မှ တောင်ပြိုကျမှုကြောင့် ဆိုင်ကယ်နောက်မှ လိုက်ပါလာသည့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။















