၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် ကိုးလနီးပါးတွင် သွင်းကုန်တင်သွင်းမှု ပိုမိုမြင့်တက်ခဲ့သဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၇ ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၆၄၀ ကျော်ပိုမိုဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ကုန်သွယ်မှုလိုငွေဆိုသည်မှာ မြန်မာနိုင်ငံက တင်ပို့သည့်ပို့ကုန်ပမာဏထက် အခြားပြည်ပမှ တင်သွင်းရသည့် သွင်းကုန်ပမာဏ ပိုများနေခြင်းကို ဆိုလိုသည်။
၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇွန် ၂၆ ရက်အထိ မြန်မာနိုင်ငံက တင်ပို့ထားသည့် ပို့ကုန်ပမာဏသည် ဒေါ်လာ ၁၃ ဒသမ ၀၁၂ ဘီလျံရှိသည်။ ယခင်နှစ်ကာလတူထက် ဒေါ်လာ သန်း ၆၅၀ ကျော် ပိုမိုတင်ပို့ထားနိုင်ခဲ့သည်။
သို့သော်လည်း ပြည်ပနိုင်ငံများမှ တင်သွင်းထားသည့် သွင်းကုန်ပမာဏသည် ဒေါ်လာ ၁၄ ဒသမ ၇၂၅ ဘီလျံရှိသည်။ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံနီးပါးအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။
အဆိုပါကာလအတွင်း ပို့ကုန်/သွင်းကုန် ပမာဏများအား နှိုင်းယှဉ်ကြည့်ပါက သွင်းကုန်ပမာဏသည် ပို့ကုန်ပမာဏထက် ဒေါ်လာ ၁ ဒသမ ၇၁၃ ဘီလျံအထိ ပိုမိုတင်သွင်း ထားသည်။
လက်ရှိဘဏ္ဍာနှစ် ကိုးလနီးပါးတွင် ကုန်သွယ်မှုလိုငွေမှာလည်း ဒေါ်လာ ၁ ဒသမ ၇၁၃ ဘီလျံအထိ ဖြစ်ပေါ်ခဲ့သည်။ ယခင်နှစ်ကာလတူတွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာတစ်ဘီလျံကျော်ရှိသည်။
ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ကိုးလနီးပါးတွင် ဖြစ်ပေါ်ခဲ့သည့် ကုန်သွယ်မှုလိုငွေသည် ယခင်နှစ်ကာလတူတွင် ဖြစ်ပေါ်ခဲ့သည့် ကုန်သွယ်မှုလိုငွေထက် ဒေါ်လာ ၆၄၃ ဒသမ ၅၃၂ သန်း ပိုမိုဖြစ်ပေါ်ခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့မှု မြင့်တက်လာစေရန် ပို့ကုန်မဟာဗျူဟာများရေးဆွဲကာ အကောင်အထည်ဖော်နေသကဲ့သို့ တခြားတဖက်တွင်လည်း ပြည်တွင်းလိုအပ်ချက်များကြောင့် ပြည်ပမှမဖြစ်မနေတင်သွင်းရသည့် ကုန်စည်များကိုလည်းလျှော့ချ၍ မရနိုင်သေးသောကြောင့် ကုန်သွယ်မှုလိုငွေလျော့ ကျလာအောင်ဆောင်ရွက်နေသော်လည်း လက်တွေ့တွင် အနည်းငယ်အခက်အခဲများ ရှိနေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားထားသည်။
“တကယ်လက်တွေ့လုပ်တဲ့အခါကျ တော့ ကိုယ်ပြည်တွင်းလည်း စားသုံးမှုအား ကောင်းလာတယ်။ ရင်းနှီးမြှုပ်နှံမှုပိုင်းမှာလည်း အထူးသဖြင့် အသေးစား၊ အလတ်စား လုပ်ငန်းတွေမှာ ကုန်ကြမ်းလိုအပ်တော့။ ဥပမာ မွေးမြူရေးက တက်လာတယ်။ ကြက်စာအရမ်းတင်သွင်းဖြစ်တယ်။ ပဲပိစပ်ကြိတ်ဖက်ဆိုရင် ဟိုတုန်းက တန်ချိန်နှစ်သောင်းလောက် တစ်နှစ်ကို အခုဆိုတန်ချိန်ငါးသောင်းအထိ သွင်းလာတဲ့အခါကျတော့ ခွင့်ပြုရတာပဲ။ ဒါမှလည်းဒီဘက်ကလုပ်ငန်းတွေက တိုးတက်မှာ ဒါတွေကလျော့လို့မရဘူးလေ။ တချို့ကလည်း ခရီးသွားတက်လာတဲ့အခါမှာ ဒီမှာ မထုတ်နိုင်တဲ့ ဝက်အူချောင်းတို့ အကောင်းစားငါးတွေ တင်သွင်းရတာရှိတယ်။ စားအုန်းဆီကလည်း လျော့မပေးနိုင်ဘူး။ ဒီဇယ်မှာလည်း လျော့လို့မရဘူး။ ဆေးဝါးကလည်း လျော့လို့မရဘူးဆိုတော့ အလှကုန်ပစ္စည်းကလည်း လျော့လို့မရဘူး” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေပမာဏ အမေရိကန် ဒေါ်လာသန်း ၅၀၀ အထိ လျှော့ချရန်မျှော်မှန်းခဲ့သည်။ သို့သော် ဘဏ္ဍာနှစ်ကုန်ဆုံးချိန်၌ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅ ဘီလျံကျော် ဖြစ်ပေါ်ခဲ့သည်။















