၂၀၂ဝအထွေထွေရွေးကောက်ပွဲတွင် နာဂအမျိုးသားပါတီ(NNP)က ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ် ၁၅ မြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဇူလိုင် ၃ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။
အထွေထွေရွေးကောက်ပွဲတွင် နာဂအမျိုးသားပါတီ(NNP)က ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များမှာ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)နှင့်အမှတ်(၂)တို့ဖြစ်ပြီး ဟုမ္မလင်းမြို့နယ်တွင် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁) ဖြစ်ကြောင်း သိရသည်။
ထို့အတူ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်၊လဟယ်မြို့နယ်၊နန်းယွန်းမြို့နယ်များတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)နှင့် အမှတ်(၂)တို့၌အသီးသီးဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး လေရှီးမြို့နယ်၊လဟယ်မြို့နယ်၊နန်းယွန်းမြို့နယ်ပါဝင်သည့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်ကိုလည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း နာဂအမျိုးသားပါတီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အလားတူ နာဂအမျိုးသားပါတီအနေဖြင့် ကချင်ပြည်နယ် တနိုင်းမြို့နယ်တွင် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၂)နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
နာဂအမျိးသားပါတီ(NNP)အနေဖြင့် ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏စာရင်းကို စိစစ်နေကြောင်း၊ ကိုယ်စားလှယ်လောင်းများ၏စာရင်းကို အတည်ပြု ပြီးပါက ရွေးကောက်ပွဲကော်မရှင်တွင် အမည်စာရင်းတင်သွင်းခြင်းကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း နာဂအမျိုးသားပါတီ(NNP)ဥက္ကဌဦးရှုမောင်က ပြောကြားသည်။
"လောလောဆယ်ကျွန်တော်တို့ဆုံးဖြတ်ချက်ချထားတာကတော့ မဲဆန္ဒနယ်ပေါင်း ၁၅ နေရာလောက်ဝင်ပြိုင်ဖို့ရှိတယ်။ ဒီထက်တိုးဖို့လည်းရှိရင်ရှိမယ်။ ဝင်ပြိုင်မယ့်နေရာလျော့ဖို့တော့မရှိဘူး။ ကျွန်တော်တို့ဘက်က ပြင်ဆင်မှုအနေနဲ့တော့ သက်ဆိုင်ရာမြို့နယ်ကနေ တင်ပြလာတဲ့ အမတ်လောင်းစာရင်းတွေကိုအခုစိစစ်နေတယ်။မကြာခင် ကျွန်တော်တို့အတည်ပြု မယ်။အတည်ပြု ပြီးတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ထားတဲ့ အမတ်လောင်းတင်သွင်းတဲ့ရက်တွေရှိတယ်။ အဲဒီရက်တွေမှာ ကျနော်တို့တင်သွင်းသွားမှာပါ။စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်က မြို့နယ်ပေါင်းတစ်ဆယ့်ငါးမြို့နယ်ကို ဝင်ပြိုင်သွားမှာပါ"ဟု နာဂအမျိုးသားပါတီ(NNP)ဥက္ကဌဦးရှုမောင်က ပြောကြားသည်။
နာဂအမျိးသားပါတီ(NNP)သည် ပြည်သူများ၏ ထောက်ခံမှုဖြင့်သွားနေပြီး ပြည်သူများ၏ထောက်ခံမှုရှိသည့်အတွက်ကြောင့် နာဂအမျိးသားပါတီ(NNP)သည် ယနေ့အချိန်အထိဖြစ်လာခဲ့ကြောင်း ပြည်သူများ၏ ထောက်ခံမှုမရှိခဲ့ပါက နာဂအမျိးသားပါတီ(NNP)သည် ရပ်တည်ရန် အဆင်မပြေနိုင်သည့် အနေအခြေအထိရှိလာနိုင်ကြောင်း ၄င်းက ဆိုသည်။
"အခုအနေထားမှာတော့ ကျွန်တော်တို့ပါတီဟာ ပြည်သူတွေရဲ့ထောက်ခံမှုကို အပြည့်အဝရရှိထားတယ်။ နောက်ပြီးတော့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ဝင်ပြိုင်ပြီးတော့ ဒေသဦးစီးဖွဲ့နိုင်အောင်လည်း ကျွန်တော်တို့ကြိုးစားနေပါတယ်ဗျာ"ဟု နာဂအမျိုးသားပါတီဥက္ကဌဦးရှုမောင်က ပြောကြားသည်။
နာဂအမျိုးသားပါတီသည် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၅ ရက်တွင် ပါတီမှတ်ပုံတင်ရရှိခဲ့ပြီး ပါတီဌာနချုပ်ရုံးအား စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင်ဖွင့်လှစ်ထားသည်။















