မန်ယူအသင်း၏ နည်းပြဖြစ်သူ ဆိုးလ်ရှားက ရှက်ဖီးယူနိုက်တက်အသင်းနှင့် ကစားခဲ့သည့်ပွဲမှ ခြေစွမ်းအတွက် ဝမ်းမြောက်မိသော်လည်း မိမိတို့အသင်းသည် ပိုကောင်းလာဦးမည်ဖြစ်သဖြင့် အပြည့်အဝမပျော်ရွှင်နိုင်သေးကြောင်း ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ယင်းပွဲတွင် အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့ပြီး အသင်းကောင်းတစ်သင်းဖြစ်သည့် ရှက်ဖီးယူနိုက်တက်ကို အလွယ်တကူ ဂိုးပြတ်အနိုင်ရခဲ့သည်။
ပြင်သစ်တိုက်စစ်မှူး မာစီယဲလ်က အသင်းအတွက် (၃)ဂိုးစလုံးကို သွင်းယူနိုင်ခဲ့ပြီး မာစီယဲလ်သည် ဖာဂူဆန်ရာထူးမှ နုတ်ထွက်ခဲ့ပြီးချိန်ကတည်းက ပရီးမီးယားလိဂ်ဟက်ထရစ်ရရှိသည့် ပထမဆုံး မန်ယူကစားသမားလည်းဖြစ်သည်။
ဆိုးလ်ရှားက "ကွင်းထဲမှာ ကျွန်တော်တို့အသင်းကစားတာ အရမ်းကောင်းခဲ့ပြီး ဒီ့ထက်ပိုပြီး ဂိုးတွေရခဲ့ သင့်ပါတယ်။ ဒါပေမဲ့ ပွဲကို ထိန်းချုပ်ထားနိုင်တဲ့အချိန်မှာ ဂိုးတွေ ထပ်မရခဲ့လို့ ပထမပိုင်းအပြီးမှာ ကျွန်တော် စိုးရိမ်ခဲ့ပါတယ်။ ကျွန်တော်တို့က မေဆင်၊ အန်သိုနီ၊ ပေါလ်နဲ့ ဘရူနိုတို့ကြားက အချိတ်အဆက်တွေကို မြင်ခဲ့ရပြီး ဒီအခြေအနေကနေ ဂိုးသွင်းခွင့်တွေ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီစွမ်းဆောင်ရည်အတွက် ကျေနပ်မိပေမယ့် ကျွန်တော်တို့ ပိုကောင်းအောင် ကစားနိုင်ပါသေးတယ်။ ဒါကြောင့် အပြည့်အဝမပျော် ရွှင်သေးပါဘူး။ လိုချင်တဲ့အတိုင်း ရာနှုန်းပြည့်ဖြစ်လာရင် ပိုကောင်းလာမှာပါ"ဟု ပြောကြားခဲ့သည်။
ယခုရာသီတွင်လည်း အဆင့် (၃)နေရာအထိ မျှော်လင့်နေသည်ဟု ဆိုးလ်ရှားက ဆိုခဲ့ပြီး "ဘယ်တုန်းကမှ ကျွန်တော်တို့ ပစ်မှတ်က အဆင့် (၄)လို့ မပြောခဲ့ပါဘူး။ ကျွန်တော်တို့ အဆင့်(၃)နေရာအထိ မျှော်လင့်နေပါတယ်"ဟု ပြောကြားခဲ့သည်။















