စီရော်နယ်လ်ဒိုသည် ၂၀၁၈ ခုနှစ်တွင် ရီးယဲလ်မက်ဒရစ်အသင်းမှ ပြောင်းရွှေ့လာပြီးနောက် ဂျူဗင်တပ်စ်အသင်းနှင့်ပွဲဦးထွက်ရာသီတွင် စီးရီးအေသွင်းဂိုး ၂၁ ဂိုးသာ သွင်းယူခဲ့ပြီး ယခုရာသီတွင်မူ ၂၂ ဂိုးသွင်းယူထားကာ တစ်ဂိုးအသာ ဖြင့် ကျော်ဖြတ်ခဲ့သည်။ ထို့ကြောင့် ၎င်းအနေဖြင့် စီးရီးအေသွင်းဂိုးပေါင်းမှာ ၅၄ ပွဲကစားအပြီးတွင် ၄၃ ဂိုးအထိ ရှိလာခဲ့ပြီး ပေါ်တူဂီကွင်းလယ်ကစားသမားဟောင်း ရူအီကော်စတာ တင်ရှိထားသည့်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။
ဂျူဗင်တပ်စ်အသင်းမှ နာမည်ကျော်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ဇွန်လ ၂၂ ရက်က ဘိုလော့ဂ်နာအသင်းအား (၂-၀)ဂိုးနှင့် အနိုင်ရသည့်ပွဲတွင် အသင်းအတွက်အဖွင့်ဂိုးကို ၂၃ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် သွင်းယူခဲ့ပြီး နောက် စီးရီးအေပြိုင်ပွဲသမိုင်းတစ်လျှောက် ပေါ်တူဂီကစားသမားများထဲတွင် ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နိုင်ခဲ့သည်။

စီရော်နယ်လ်ဒိုသည် ၂၀၁၈ ခုနှစ်တွင် ရီးယဲလ်မက်ဒရစ်အသင်းမှ ပြောင်းရွှေ့လာပြီးနောက် ဂျူဗင်တပ်စ်အသင်းနှင့်ပွဲဦးထွက်ရာသီတွင် စီးရီးအေသွင်းဂိုး ၂၁ ဂိုးသာ သွင်းယူခဲ့ပြီး ယခုရာသီတွင်မူ ၂၂ ဂိုးသွင်းယူထားကာ တစ်ဂိုးအသာ ဖြင့် ကျော်ဖြတ်ခဲ့သည်။ ထို့ကြောင့် ၎င်းအနေဖြင့် စီးရီးအေသွင်းဂိုးပေါင်းမှာ ၅၄ ပွဲကစားအပြီးတွင် ၄၃ ဂိုးအထိ ရှိလာခဲ့ပြီး ပေါ်တူဂီကွင်းလယ်ကစားသမားဟောင်း ရူအီကော်စတာ တင်ရှိထားသည့်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။

ပေါ်တူဂီရွှေရောင်မျိုးဆက်ကစားသမားဖြစ်ခဲ့သူ ရူအီကော်စတာသည် ၁၉၉၄ မှ ၂၀၀၆ ခုနှစ်အတွင်း ဖီအိုရင်တီးနား၊ အေစီမီလန်အသင်းများ၌ ရှစ်နှစ်ကြာ ကစားပြီး ၃၃၉ ပွဲကစားခဲ့ရာတွင် ယင်းသွင်းဂိုးမှတ်တမ်းကို ပိုင်ဆိုင်နိုင်ခဲ့သည်။ မန်ယူကစားသမားဟောင်းဖြစ်သူ စီရော်နယ်လ်ဒိုသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ တွင်လည်း ၁၉၆ ပွဲကစားခဲ့ရာတွင် ၈၄ ဂိုး သွင်းယူခဲ့ပြီး ဂိုးသွင်းအများဆုံး ပေါ်တူဂီကစားသမားဖြစ်ခဲ့သည်။ ရီးယဲလ်အသင်းတွင် လာလီဂါပွဲပေါင်း ၂၉၂ ပွဲကစားကာ ၃၁၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ပေါ်တူဂီကစားသမားများထဲတွင် ဂိုးသွင်းအများဆုံးဖြစ်ခဲ့ရုံသာမက အသင်း၏လာလီဂါ ဂိုးသွင်းစံချိန်ရှင်အဖြစ်လည်း မှတ်တိုင်သစ်စိုက်ထူနိုင်ခဲ့သည်။

စီရော်နယ်လ်ဒိုထက် လာလီဂါသွင်းဂိုး ပိုများသူမှာ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီ တစ်ဦးတည်းသာရှိပြီး ၄၄၀ ဂိုးအထိ သွင်းယူထားခြင်းဖြစ်သည်။ ဂျူဗင်တပ်စ်တိုက်စစ်ကစားသမားများဖြစ်သည့် စီရော်နယ်လ်ဒိုနှင့် ဒီဘားလားတို့မှာ ပြိုင်ပွဲစုံ ၆၈ ပွဲအထိ အတူ ကစားခဲ့သော်လည်း တစ်ပွဲတည်းတွင် နှစ်ဦးစလုံး ဂိုးသွင်းယူနိုင်မှုမှာ ၂၀၁၉ ဖေဖော်ဝါရီလက ဖရိုဆီနိုနီနှင့်ပွဲ၊ ၂၀၁၉ ဒီဇင်ဘာလက ဆမ်ဒိုးရီးယားနှင့်ပွဲများ ပြီးနောက် ယခုပွဲမှာ တတိယအကြိမ်သာဖြစ်ခဲ့သည်။

စီရော်နယ်လ်ဒိုသည် ယခုပွဲစဉ်တွင် ဂိုးပေါက်ပြန်တွေ့ခဲ့သော်လည်း အေစီ မီလန်အသင်းနှင့်ကစားခဲ့သည့် ကိုပါအီတာလီယာဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲ၊ နာပိုလီအသင်းနှင့်ကစားခဲ့သည့် ဗိုလ်လုပွဲများတွင် ခြေစွမ်းမပြနိုင်ခြင်းကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရလျက်ရှိသည်။ ၎င်းအနေဖြင့် ကစားသမားဘဝတွင် ပထမဆုံးအကြိမ် ဗိုလ်လုပွဲနှစ်ပွဲဆက်အရှုံးနှင့် ရင်ဆိုင်ခဲ့ရပြီး ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကလည်း အီတလီစူပါဖလားပြိုင်ပွဲတွင် လာဇီယိုအသင်းကို (၁-၃)ဂိုးဖြင့် အရေးနိမ့်ထားခဲ့သည်။