ရေအောက်ဥမင် ပါဝင်သည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံး ငါးပြတိုက်စီမံကိန်း ယခုနှစ် ဒီဇင်ဘာတွင် ပြီးစီးမည် ဖြစ်ကြောင်း သိရ

ရေအောက်ဥမင် ပါဝင်သည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံး ငါးပြတိုက်စီမံကိန်း ယခုနှစ် ဒီဇင်ဘာတွင် ပြီးစီးမည် ဖြစ်ကြောင်း သိရ
တည်ဆောက်နေသည့် ငါးပြတိုက်အား တွေ့ရစဉ် (ဓာတ်ပုံ-လွင်မျိုးသူ)
တည်ဆောက်နေသည့် ငါးပြတိုက်အား တွေ့ရစဉ် (ဓာတ်ပုံ-လွင်မျိုးသူ)
Published 22 June 2020
လွင်မျိုးသူ

ရေအောက်ဥမင် ပါဝင်သည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံး ငါးပြတိုက်စီမံကိန်းမှာ ယခုနှစ် ဒီဇင်ဘာတွင် ပြီးစီးမည် ဖြစ်ကြောင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် Mottama Development Group က ကြေညာထားသည်။

အဆိုပါ ငါးပြတိုက် အဆောက်အအုံ၏ ဖန်ထည်ကုလားကာ နံရံတပ်ဆင်မှုများအား မေလတွင် ပြီးစီးခဲ့ပြီး Lakeside Plaza မှာ သြဂုတ်လကုန်တွင် ပြီးစီးမည် ဖြစ်သည်။

ကျန်ရှိနေသေးသည့် စက်မှုနှင့် လျှပ်စစ်လုပ်ငန်း၊ အတွင်းအလှဆင်ခြင်းနှင့် ဗိသုကာလုပ်ငန်းများနှင့် ပြင်ပလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးစေရန် ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။

မကြာမီဖွင့်လှစ်မည့် ငါးပြတိုက်အသစ်မှာ ကန်တော်ကြီးရှိ ယခင် ငါးပြတိုက်ဟောင်း၏ မြေ ငါးဧကပေါ်တွင် တည်ဆောက်နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပထမဆုံး ငါးပြတိုက်၌ မြန်မာနိုင်ငံ မြောက်ဖျားမှ တောင်ဖျားအထိ ရေချို၊ ရေငံ ငါးမျိုးစုံကို ပြသသွားမည်ဖြစ်ပြီး ငါးမျိုးစိတ်အားလုံးအတွက် ပြခန်းများနှင့် ရေအောက်ဥမင်လှိုဏ်ခေါင်း၊ ရေထွက်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများအတွက် သင်တန်းပြုလုပ်ရာ နေရာများ၊ စားသောက်ဆိုင်များနှင့် အပန်းဖြေနေရာများ၊ ရေထွက်ကုန်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းရောင်းချရာ နေရာများ ရောင်းချသည့် ဆိုင်ခန်းပေါင်း ၃၀ ကျော် ပါဝင်မည်ဟု သိရသည်။

ငါးပြတိုက်ကို ကမ္ဘာ့အဆင့်အတန်းမီ ငါးပြတိုက် ပြုလုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆောက်လုပ်နေခြင်းဖြစ်ပြီး အဆောက်အအုံပိုင်းတွင်သာမက ငါးများ အသက်ရှင်ထိုင်မှုစနစ်နှင့် Mechanical, Electrical ပိုင်းများအတွက် နည်းပညာမရှိခြင်း၊ ပညာရှင်များ နှင့် ရေအောက်မှန်ဘောင်ထဲတွင် သွားရသူများအတွက် လုံခြုံမှုရှိစေရန် တည်ဆောက်ထားကြောင်း သိရသည်။

အဆိုပါ Yangon Ecological Aquarium ငါးပြတိုက်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ဦးဆောင်မှုဖြင့် ၂၀၁၆ ခုနှစ်ကတည်းက စတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

အဆိုပါ ငါးပြတိုက်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုချက်ဖြင့် နိုင်ငံတကာအဆင့်မီ လုပ်ဆောင်နေခြင်းဖြစ်ကာ ဒေါ်လာ သန်း ၃၀ ရင်းနှီးမြုပ်နှံထားကြောင်း နှင့် ကမ္ဘာ့အဆင့်မီ ပြတိုက်ပုံစံ ဖြစ်လာသည့်အတွက် ရင်းနှီးမြှုပ်နှံမှု ပိုမိုများပြားလာခြင်းကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထားသည်ဟု သိရသည်။ မြေနေရာအား ငါးလုပ်ငန်းဦးစီးဌာန လုပ်ပိုင်ခွင့်ဖြင့် နှစ် ၄၀ ငှားရမ်းပေးထားကြောင်း သိရသည်။

 

Most Read

Most Recent