ဗိုင်းရပ်စ်ကူးစက်မှု တစ်ရှိန်ထိုးမြင့်တက်လာနေသော တောင်အာရှဒေသတွင် ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ မနိုင်မနင်းဖြစ်နေ

ဗိုင်းရပ်စ်ကူးစက်မှု တစ်ရှိန်ထိုးမြင့်တက်လာနေသော တောင်အာရှဒေသတွင် ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ မနိုင်မနင်းဖြစ်နေ
ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် စျေးတစ်ခုအနီး သွားလာနေသူများအား ဇွန် ၁၇ ၌ တွေ့ရစဉ် (Photo:AFP)
ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် စျေးတစ်ခုအနီး သွားလာနေသူများအား ဇွန် ၁၇ ၌ တွေ့ရစဉ် (Photo:AFP)
Published 21 June 2020
Ref: AFP

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း တစ်ရှိန်ထိုးမြင့်တက်လာမှုက လူနေထူထပ်သော တောင်အာရှဒေသကို ကမ္ဘာတစ်ဝန်း ကူးစက်မှုနှုန်း အမြင့်ဆုံးဒေသတစ်ခုအဖြစ်သို့ ပြောင်းလဲပစ်လိုက်စဉ် COVID-19 ကပ်ရောဂါ၏ အဆိုးရွားဆုံး ထိခိုက်မှုဒဏ်ကို တောင်အာရှဒေသက ရှောင်လွှဲနိုင်လိမ့်မည်ဟူသော အစောပိုင်း ခန့်မှန်းချက်များမှာ လွင့်စင်သွားခဲ့ပြီဖြစ်သည်။

အမေရိကန်နှင့် အနောက်ဥရောပနိုင်ငံများ၏ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းထက် လပေါင်းများစွာကြာ နည်းပါးခဲ့ပြီးနောက်တွင် ကမ္ဘာ့လူဦးရေစုစုပေါင်း၏ လေးပုံတစ်ပုံနီးပါး နေထိုင်ရာ တောင်အာရှဒေသတစ်ဝန်း၌ COVID-19 အတည်ပြုလူနာအရေအတွက် တစ်ရှိန်ထိုးမြင့် တက်လာခဲ့သည်။ တောင်အာရှရှိ ယိုယွင်းနေသော ကျန်းမာရေးစနစ်များ၊ ရန်ပုံငွေမလုံမလောက်ဖြစ်နေသော ကျန်းမာရေးဌာနများမှာ ကပ်ရောဂါဘေးကြောင့် ပိုမိုအခက်အခဲဖြစ်နေပြီး ကျန်းမာရေးဌာနများတွင် ဗိုင်းရပ်စ်ကူးစက်ခံလူနာများ ပြည့်ကျပ်လျက်ရှိသည်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့မှသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့အထိ ဒေသတစ်ဝန်း၌ ရှိသော ဆေးရုံများတွင် တက်ရောက်ကုသနေသည့် လူနာအရေအတွက်မှာ ဆေးရုံက လက်ခံထားနိုင်သည့် ပမာဏထက် ပိုလွန်နေခြင်းကြောင့် ဆေးရုံတက်ကုသလိုသည့် COVID-19 သံသယရှိလူနာများအား လက်ခံကုသပေးနိုင်ခြင်းမရှိပေ။

ရေခဲတိုက်များတွင် အလောင်းများ ပြည့်နေပြီး သင်္ချိုင်းများနှင့် မီးသင်္ဂြိုဟ်ရာ နေရာများတွင်လည်း အလောင်းများအား မြေမြှုပ်၊ မီးသင်္ဂြိုဟ်ခြင်းကို နိုင်နိုင်နင်းနင်း ဆောင်ရွက်နိုင်ရန် ကြိုးပမ်းနေရသည်။

သောက ပင်လယ်ဝေနေကြသော မိသားစုများမှာ အလွန်အမင်း နာမကျန်းဖြစ်နေသော ၎င်းတို့ ချစ်ခင်မြတ်နိုးရသည့် မိသားစုဝင်များအား ဆေးကုသမှုအကူအညီရရှိစေရန် ကြိုးပမ်းနေကြရသည်။

“ ကပ်ဆိုက်နေတဲ့အခြေအနေပါပဲ။ အထူးကြပ်မတ်ကုသဆောင်မှာ ခုတင်နေရာရဖို့နဲ့ ဆေးရုံမှာ တက်ရောက်ကုသခွင့်ရဖို့ ကြိုးပမ်းရင်းနဲ့ပဲ လူနာတွေက လူနာတင်ယာဉ်ပေါ်မှာ၊ လမ်းခုလတ်မှာ သေဆုံးနေကြရတယ်” ဟု ဘင်္ဂလားဒေ့ရှ်ရှိ စစ်တကောင်းမြို့ အထွေထွေဆေးရုံမှ ဆရာဝန်တစ်ဦးဖြစ်သူ အဗ္ဗဒူရော့ဘ်က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

“ ကူးစက်မှုအခြေအနေ ပိုမိုဆိုးရွားလာမယ့် အသွင်ရှိပါတယ်။ ကူးစက်မှုနှုန်းက ပိုပိုပြီး မြန်ဆန်နေတဲ့အဆင့်မှာပဲ ရှိနေသေးတယ်။ လာမယ့်သီတင်းပတ်တွေထဲမှာ သေဆုံးသူအရေအတွက် ပိုများလာနိုင်ဖွယ် ရှိပါတယ်” ဟု သြစတြေးလျအနောက်ပိုင်းရှိ Curtin တက္ကသိုလ် ကျန်းမာရေးသိပ္ပံဘာသာရပ်ဌာနမှ ဒုတိယဌာနမှူး အာချီစလီမန့်စ်က ဆိုသည်။

တောင်အာရှနှင့် လက်တင် အမေရိကဒေသတို့၌ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်တက်လာခြင်းနှင့်အတူ ကမ္ဘာတစ်ဝန်းလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ရှစ်သန်းကျော်ရှိပြီး ဗိုင်းရပ်စ်ကြောင့် လူ ၄၅၉,၀၀၀ ကျော် သေဆုံးခဲ့သည်။

 

Lockdown ဖြေလျှော့ပေးမှုနှင့် ဗိုင်းရပ်စ်ကူးစက်ခံရသူ များပြားလာမှု

Lockdown စီမံချက်များကို ပြဋ္ဌာန်းရမည်လား သို့မဟုတ် ဝင်ငွေ နည်းပါးသော မိသားစုများ တဖြည်းဖြည်း ဆင်းရဲတွင်းနက်လာသည်ကို စောင့်ကြည့်ရမည်လားဆိုသည့် အခြေအနေနှစ်ခုထဲမှ တစ်ခုကို ငွေကြေး အကျပ်အတည်းတွေ့နေသော အစိုးရများက ရွေးချယ်နေရစဉ် COVID-19 ကပ်ရောဂါကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေကို ခန့်မှန်းတွက်ဆမှုများလည်း ထွက်ပေါ်လာနေသည်။

အိန္ဒိယသည် ကမ္ဘာပေါ်တွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း စတုတ္ထမြောက် အမြင့်ဆုံးနိုင်ငံဖြစ်နေကာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၉၅,၀၀၀ ကျော်ရှိသည်။ ရောဂါစမ်းသပ်စစ်ဆေးမှုကို အရေအတွက်အကန့်အသတ်ဖြင့် လုပ်ဆောင်နေခြင်းကြောင့် အိန္ဒိယနိုင်ငံတွင် ရောဂါပိုး ကူးစက်ခံရသူ အမှန်တကယ် အရေအတွက်သည် တရားဝင်ထုတ်ပြန်ထားသည့် အရေအတွက်ထက် ပိုများနိုင်ဖွယ်ရှိသည်။

မွမ်ဘိုင်းမြို့နှင့် နယူးဒေလီမြို့တွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအတွက် မြင့်တက်လာခဲ့ပြီးနောက် ဇွန် ၁၇ ရက် တစ်နေ့တည်းအတွင်း အိန္ဒိယတစ်ဝန်း၌ COVID-19 ရောဂါကြောင့် သေဆုံးသူ ၂၀၀၀ ကျော်ခုန်တက်သွားခဲ့ပြီး သေဆုံးသူအရေအတွက် စုစုပေါင်း ၁၂၀၀၀ ကျော်အထိ ရောက်ရှိသွားခဲ့သည်။

ကမ္ဘာပေါ်တွင် စည်းကမ်းအတင်းကျပ်ဆုံး Lockdown ချမှတ်မှုများထဲမှ တစ်ခုအဖြစ် မတ်လနှောင်းပိုင်းတွင် အိန္ဒိယနိုင်ငံတစ်ဝန်း၌ Lockdown စီမံချက်များ ပြဋ္ဌာန်းသတ်မှတ်ခဲ့ခြင်းအတွက် အိန္ဒိယအစိုးရအဖွဲ့သည် ချီးကျူးထောက်ခံမှု ရရှိခဲ့သည်။

သို့သော် အဆိုပါ Lockdown ချမှုကြောင့် သန်းနှင့်ချီသော အိန္ဒိယ ရွှေ့ပြောင်းအလုပ်သမားများမှာ အလုပ်လက်မဲ့ဖြစ်သွားကြပြီး အသွား၊ အလာပိတ်ပင်မှုများကြောင့် ၎င်းတို့၏ မွေးရပ်ဒေသများသို့ ပြန်ခွင့်မရကြပေ။ တစ်ခါတစ်ရံတွင် ထိုရွှေ့ပြောင်းအလုပ်သမားများမှာ ရောဂါကူးစက်ပြန့်ပွားနိုင်သည့် အန္တရာယ်ရှိသော လူထူထပ်သည့် အဆောက်အအုံများတွင် ခိုလှုံနေကြသည်။

အစိုးရအဖွဲ့က ပိတ်ပင်ကန့်သတ်ချက်များကို တဖြည်းဖြည်းချင်း ဖြေလျှော့ပေးနေချိန်တွင် ရောဂါပိုး ကူးစက်မှုနှုန်းမှာ တစ်ရှိန်ထိုး မြင့်တက်လာခဲ့သည်။

“ ဆင်းရဲမွဲတေမှုနှုန်း မြင့်မားနေပြီးတော့ ရွှေ့ပြောင်းလုပ်သား အရေအတွက် များပြားနေတဲ့ အိန္ဒိယလိုနိုင်ငံမျိုးမှာ ကြုံတွေ့ရတဲ့ ပြဿနာက ဘာလဲဆိုရင် လူတိုင်းကို ခိုလှုံရေးစခန်းတွေမှာ သူ့နေရာနဲ့သူ နေရာတကျ ခိုလှုံနိုင်ဖို့၊ ဒီကပ်ဆိုးကြီးကနေ လွန်မြောက်သွားဖို့ သင့်အနေနဲ့ မျှော်လင့်နေလို့မရဘူး” ဟု ၀ါရှင်တန်အခြေစိုက် Wilson စင်တာမှ လေ့လာသုံးသပ်သူ မိုက်ကယ်ကူဂျီမန်က ဆိုသည်။

AFP)

အိန္ဒိယအိမ်နီးချင်း ပါကစ္စတန်တွင် ဇွန် ၂၀ အထိ ဗိုင်းရပ်စ်ကူးစက်သူ ၁၇၂,၀၀၀ နီးပါးရှိပြီး ဗိုင်းရပ်စ်ကြောင့် လူ ၃၄၀၀  နီးပါး သေဆုံးခဲ့သည်။ တစ်နိုင်ငံလုံးအနှံ့ Lockdown ချရန် ကြိုးပမ်းပါက နိုင်ငံသည် ကံဆိုးမိုးမှောင်ကျသွားလိမ့်မည်ဟု ပြောကြားလျက် ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခန်းသည် နိုင်ငံအနှံ့ Lockdown ချခြင်းကို မလုပ်ဆောင်ခဲ့ပေ။

ပြီးခဲ့သည့်လတွင် ကျရောက်သော အိဒ်အားလပ်ရက်ကာလအတွင်း စီရင်စုနယ်မြေအလိုက် ချမှတ်ထားသော Lockdown စီမံချက်များကို ဖြေလျှော့ပေးခဲ့မှုနှင့်အတူ ပါကစ္စတန်ပြည်သူအများအပြားသည် လူတစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေရမည့် လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ မသိကျေးကျွန် ပြုကြခြင်းကြောင့် လက်ရှိအခြေအနေတွင် ရောဂါပိုးကူးစက်မှုနှုန်း မြင့်မားနေခြင်းဖြစ်သည်။

“ အိဒ်အားလပ်ရက်ကာလ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပဖို့နီးကပ်လာတဲ့အချိန်မှာ Lockdown ဖြေလျှော့ပေးတာကို ပြည်သူလူထုက ကပ်ရောဂါဘေး လွန်မြောက်သွားတဲ့ အရိပ်လက္ခဏာအဖြစ် မှတ်ယူနေကြတယ်။ စျေးတွေထဲမှာ တိုးဝှေ့ဝယ်ယူကြတယ်။ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေရမယ့် စည်းမျဉ်းထားရှိ ထားခြင်းမရှိတဲ့ စျာပနအခမ်းအနားတွေကို တက်ရောက်ကြတယ်” ဟု ပါကစ္စတန်အနောက်မြောက်ပိုင်း ပက်ရှ်ဝါမြို့တွင် နေထိုင်သောခွဲစိတ်ကုဆရာဝန် ဆမ်ရာဖာခါက ဆိုသည်။

ဇူလိုင်လသို့ ရောက်ရှိလာချိန်တွင် ပါကစ္စတန်နိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်မှု တစ်သန်းကျော်အထိ ရောက်ရှိလာလိမ့်မည်ဟု ခန့်မှန်းရကြောင်း အာဏာပိုင်များက သတိပေးထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း Lockdown စီမံချက်သစ်များ ချမှတ်ရန် ပါကစ္စတန်အစိုးရကို တိုက်တွန်းထားသည်။

ပါကစ္စတန်ရှိ ဆေးရုံများတွင် လူနာများပြည့်ကျပ်နေပြီး အစိုးရတာဝန်ရှိသူများသည် ကူးစက်မှု မြင့်တက်လာနိုင်ခြေရှိသည့် အခြေအနေကို အားတင်းတောင့်ခံရန် အစောပိုင်းလများအတွင်း တန်ဖိုးရှိသည့်အချိန်များကို ဖြုန်းတီးပစ်ခဲ့ကြသည်ဟု ဆရာဝန်များက ပြောကြားခဲ့ကြသည်။

“ ကူးစက်မှုမြင့်တက်လာတဲ့ အခြေအနေအတွက် ကြိုတင်ပြင်ဆင်ဖို့ ကျွန်တော်တို့မှာ အခွင့်အရေး ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲ့အခွင့်အရေးကို အသုံးမချခဲ့ဘူး။ အရာရာက ပိုပိုဆိုးလာဖို့ပဲရှိတယ်။ အခုအခြေအနေကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလားလို့မေးရင် လုံးဝအဆင့်သင့်မဖြစ်သေးဘူး။ လူတွေ ဆေးရုံမှာ တက်ရောက်ကုသခွင့်မရရင် ကသောင်းကနင်းတွေ ဖြစ်ကုန်မှာ” ဟု COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ပါကစ္စတန်အစ္စလာမ္မစ် ဆေးကုသရေးအဖွဲ့မှ ဆရာဝန်တစ်ဦးက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာရှိ သင်္ချိုင်းနေရာ ကိုးနေရာနှင့် ဒါကာအနီးဝန်းကျင် မြို့ရှိ သင်္ချိုင်းငယ် အများအပြားတွင် ဧပြီလနှင့် မေလအတွင်း မြှုပ်နှံသင်္ဂြိုဟ်ခဲ့သည့် အလောင်းအရေအတွက်ကို ထိပ်တန်းဘင်္ဂါလီသတင်းဌာနတစ်ခုက ပြီးခဲ့သည့်သီတင်းပတ်တွင် ထုတ်ပြန်ခဲ့ရာ ထိုနှစ်လအတွင်း လူသေအလောင်း ၁,၆၀၀ ထက်မနည်း မြှုပ်နှံခဲ့ကြောင်း ဖော်ပြထားသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်မူ ထိုနှစ်လအတွင်း ဒါကာနှင့် အနီးဝန်းကျင်မြို့၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၅၀ ဦးသာ သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။

ပဋိပက္ခဖြစ်ပွားနေသည့် အာဖဂန်နစ္စတန်နိုင်ငံတွင်လည်း အလားတူဖြစ်ရပ်မျိုး ဖြစ်ပွားနေသည်။ အာဖဂန်နစ္စတန်တွင် ရောဂါပိုးကူးစက်ခံရသူ ၂၇၈၀၀ ကျော်ရှိပြီး သေဆုံးသူ ၅၄၈ ဦးရှိရာ တိုက်ပွဲများ ဖြစ်ပွားနေချိန်အတွင်း Lockdown ချရန် မစွမ်းဆောင်နိုင်သည့် အနေအထား၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် နည်းပါးနေခြင်းသည် မဖြစ်နိုင်ဟု ယူဆရသည်။

“COVID-19 သံသယရှိတဲ့ လူသေဆုံးမှုတွေ မြင့်တက်နေတယ်ဆိုတဲ့ သတင်းတွေ ကြားရတယ်။ အလောင်းတွေကို ညအချိန်မှာ မြှုပ်နှံပါတယ်” ဟု ကဘူးမြို့ အုပ်ချုပ်ရေးမှူး မိုဟာမတ်ယာကုဘ်ဟိုဒါရီက ဆိုသည်။

Most Read

Most Recent