အီရန်ရေတပ်က မျိုးဆက်သစ် ခရုဇ်ဒုံးကျည်များ စမ်းသပ်

အီရန်ရေတပ်က မျိုးဆက်သစ် ခရုဇ်ဒုံးကျည်များ စမ်းသပ်
အိုမန်ပင်လယ်ကွေ့တွင် အီရန်စစ်သင်္ဘောတစ်စင်းမှ ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့သည့်ဓာတ်ပုံများကို ပေါင်းစပ်ထားစဉ်
အိုမန်ပင်လယ်ကွေ့တွင် အီရန်စစ်သင်္ဘောတစ်စင်းမှ ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့သည့်ဓာတ်ပုံများကို ပေါင်းစပ်ထားစဉ်
Published 18 June 2020
Ref: AFP

ပြီးခဲ့သောလတွင် စစ်ရေးလေ့ကျင့်မှု၌ အချင်းချင်း မှားယွင်းပစ်ခတ်မှုအတွင်း သင်္ဘောသား ၁၉ ဦး သေဆုံးခဲ့ရပြီးနောက်ပိုင်း ပထမဆုံး စစ်ရေးလေ့ကျင့်မှုအတွင်း အီရန်ရေတပ်က မျိုးဆက်သစ် ခရုဇ်ဒုံးကျည်များအား စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ဇွန် ၁၈ တွင် ထုတ်ပြန်ခဲ့သည်။

အိုမန်ပင်လယ်ကွေ့တွင် စစ်သင်္ဘောတစ်စင်းမှ ဒုံးများ ပစ်လွှတ်နေပုံ၊ ထရပ်ကားတစ်စီးမှ ဒုံးများ ပစ်လွှတ်နေပုံနှင့် ရေထဲတွင် ရေယာဉ်တစ်စင်း ပေါက်ကွဲနေပုံစသည့် ဓာတ်ပုံများအား အီရန်စစ်တပ်၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။ တာတိုနှင့် တာဝေးပစ်ဒုံးများအား စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုပစ်လွှတ်မှုအတွင်း အကွာအဝေး ကီလိုမီတာ ၂၈၀ (၁၇၄ မိုင်) အကွာရှိ သတ်မှတ်ထားသောပစ်မှတ်များအား ဖျက်ဆီးနိုင်ခဲ့ပြီး ပစ်လွှတ်နိုင်သည့်အကွာအဝေးကို ထပ်မံတိုးမြှင့်နိုင်ကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုဒုံးကျည်များအား အီရန်ကာကွယ်ရေးဝန်ကြီးဌာနနှင့် ရေတပ်တို့က တည်ဆောက်၊ ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သော်လည်း အသေးစိတ် မဖော်ပြခဲ့ပေ။

အဆင့်မြှင့်တင်ခဲ့သော ပလက်ဖောင်းဟောင်းများမှတစ်ဆင့် ဒုံးကျည်တစ်ချို့အား ပစ်လွှတ်မှုကို အစိုးရရုပ်သံက မှတ်တမ်းတင်ထားသည့်ဗီဒီယိုတစ်ခုကိုလည်း ထိုဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။ ထိုဒုံးကျည်များသည် အီရန်၏ရန်သူများအတွက် အလွန်အမင်း တိကျပြီး ဖျက်အားပြင်းသောလက်နက်များဖြစ်ကြောင်း ထရပ်ကားတစ်စီးမှ ဒုံးကျည်များ ပစ်လွှတ်သောနေရာတွင် သတင်းယူခဲ့သည့် IRIB သတင်းထောက်တစ်ဦးက ပြောကြားခဲ့သည်။

မေ ၁၀ တွင် အလားတူ စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်း ထိုရေပြင်၌ပင် အီရန်စစ်သင်္ဘောတစ်စင်းက အခြားအီရန်စစ်သင်္ဘောတစ်စင်းအား ဒုံးကျည်ဖြင့် မှားယွင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ယခု ရေတပ်လေ့ကျင့်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုမှားယွင်းပစ်ခတ်ခံရမှုအတွင်း အီရန်သင်္ဘောသား ၁၉ ဦး သေဆုံးခဲ့ပြီး အခြားလူ ၁၅ ဦး ဒဏ်ရာရခဲ့ကြောင်း စစ်တပ်က ယင်းအချိန်က ထုတ်ပြန်ခဲ့သည်။        

 

Most Read

Most Recent