ဘုန်းမြင့်ကျော်ယှဉ်ပြိုင်နေသည့် Chinese 8 Ball ပြိုင်ပွဲ ဒုတိယအဆင့်ပွဲစဉ်များကို ဇူလိုင်လလယ်တွင် ကျင်းပဖွယ်ရှိပြီး ပထမနေရာမှ စတုတ္ထနေရာအထိ ရရှိသူလေးဦးကို ဆုကြေးများချီးမြှင့်ရန် စီစဉ်ထား

ဘုန်းမြင့်ကျော်ယှဉ်ပြိုင်နေသည့် Chinese 8 Ball ပြိုင်ပွဲ ဒုတိယအဆင့်ပွဲစဉ်များကို ဇူလိုင်လလယ်တွင် ကျင်းပဖွယ်ရှိပြီး ပထမနေရာမှ စတုတ္ထနေရာအထိ ရရှိသူလေးဦးကို ဆုကြေးများချီးမြှင့်ရန် စီစဉ်ထား
Photos : Ko Ar Ti Facebook
Photos : Ko Ar Ti Facebook
Published 6 June 2020

မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) မောင်မောင် (ခ) အားတီ ပါဝင်ယှဉ်ပြိုင်နေသည့် Chinese 8 Ball ပြိုင်ပွဲ ဒုတိယအဆင့်ပွဲစဉ်များကို ဇူလိုင်လလယ်တွင် ကျင်းပဖွယ်ရှိကြောင်း သိရသည်။

ယင်းပြိုင်ပွဲ ပထမအဆင့်အုပ်စုပွဲများမှာ  ယခုလအတွင်း ပြီးစီးမည်ဖြစ်ပြီး Play-off ပွဲစဉ်များ ကျင်းပပြီးပါက ဒုတိယအဆင့် (နောက်ဆုံးအဆင့်) ပွဲစဉ်များ ဆက်လက် ကျင်းပမည်ဖြစ်သည်။

ထို့ကြောင့် Chinese 8 Ball ပြိုင်ပွဲကျင်းပရေးအဖွဲ့အနေဖြင့် ဒုတိယအဆင့်ပွဲစဉ်များကို ဇူလိုင်လလယ်တွင် ကျင်းပနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး ပထမအဆင့်မှ အမှတ်အများဆုံးရရှိသည့် ထိပ်ဆုံးသုံးဦး၊ Play-off အဆင့်မှ အနိုင်ရ လာသူတစ်ဦး၊ စုစုပေါင်းလေးဦး ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။

ဒုတိယအဆင့်ကို ဆီမီးဖိုင်နယ်ပုံစံဖြင့် ကစားစေကာ အနိုင်ရသူနှစ်ဦး ဗိုလ်လုပွဲနှင့် ရှုံးနိမ့်သူနှစ်ဦး တတိယလုပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

''ဒုတိယအဆင့်ပွဲစဉ်တွေကို ဇူလိုင်လလယ်လောက်မှာ ကျင်းပနိုင်ဖို့ လျာထားပါတယ်။ ပထမအဆင့်ပွဲစဉ်တချို့က ရက်အပြောင်းအလဲရှိသလို Play-off ပွဲတွေလည်း ကစားရဦးမှာဖြစ်တာကြောင့် ဇူလိုင်လလယ်မှာ အစောဆုံးကျင်းပ နိုင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ပြိုင်ပွဲကျင်းပတဲ့ ပုံစံကတော့ အပြောင်းအလဲမရှိပါဘူး။ ဒုတိယအဆင့်ပွဲစဉ်တွေကို ဆီမီးဖိုင်နယ်လိုပဲ ကစားရမှာပါ''ဟု ဘုန်းမြင့်ကျော်က Eleven Sports ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

ဘုန်းမြင့်ကျော်သည် ပထမအဆင့် အုပ်စုပွဲအားလုံး ယှဉ်ပြိုင်ကစားထားပြီး အုပ်စုပထမနေရာရယူနိုင်ရန် ကျန်ကစား သမားများ၏ လက်ကျန်ပွဲရလဒ်များကို စောင့်ကြည့်ရမည်ဖြစ်သည်။

Chinese 8 Ball ပြိုင်ပွဲတွင် ပထမနေရာမှ စတုတ္ထနေရာ အထိရရှိသည့် ကစားသမားများကို ဆုကြေး ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ယင်း ပြိုင်ပွဲတွင် နောက်ဆုံးအဆင့်သို့ တက်ရောက် ခွင့်ရသူများကို အဆင့်ရပ်တည်မှုအပေါ် မူတည်၍ ဆုကြေးချီးမြှင့်မည်ဖြစ်ပြီး ပထမဆု မြန်မာငွေ ကျပ်သိန်း ၁၀၀၀၊ ဒုတိယဆု မြန်မာငွေ ကျပ်သိန်း ၆၀၀၊ တတိယဆု မြန်မာငွေ ကျပ်သိန်း ၂၀၀၊ စတုတ္ထဆု မြန်မာငွေ ကျပ် သိန်း ၁၀၀ နှင့် ညီမျှသည့်ပမာဏရရှိမည်ဖြစ်သည်။

ပြိုင်ပွဲကျင်းပရေးအဖွဲ့သည် ယခုပြိုင်ပွဲ တစ်ခုလုံးအတွက် ဆုကြေးစုစုပေါင်း မြန်မာ ငွေ ကျပ်သိန်း ၂၆၀၀ နှင့်ညီမျှသည့်ပမာဏ ချီးမြှင့်ရန် စီစဉ်ထားပြီး ပထမအဆင့်အုပ်စုပွဲ အပါအဝင် တစ်ပွဲအနိုင်ရပါက မြန်မာငွေ ကျပ်သိန်း ၂၀ နှင့်ညီမျှသည့်ပမာဏ ချီးမြှင့်ပေးလျက်ရှိသည်။

ပထမမှ စတုတ္ထနေရာအထိ ချီးမြှင့်မည့် ဆုကြေးမှာ ကျပ်သိန်း ၁၉၀၀ ရှိပြီး တစ်ပွဲချင်းအလိုက်ချီးမြှင့်သည့် ဆုကြေးမှာ ကျပ်သိန်း ၇၀၀ ရှိမည်ဖြစ်သည်။

ဘုန်းမြင့်ကျော်သည် ပထမအဆင့်အုပ်စုပွဲများတွင် ခြောက်ပွဲအနိုင်ရခဲ့သောကြောင့် ဆုကြေးအဖြစ် မြန်မာငွေ ကျပ်သိန်း ၁၂၀ နှင့်ညီမျှသည့်ပမာဏ ရရှိခဲ့သော်လည်း ဆုကြေးအတွက် အခွန်ပြန်လည်ပေးဆောင်ရ ကြောင်း သိရသည်။

ယခုပြိုင်ပွဲတွင် နောက်တစ်ဆင့်သို့ တက်ရောက်ခွင့်ရသူအဖြစ် ဘုန်းမြင့်ကျော်တစ်ဦးတည်းသာ ထွက်ပေါ်သေးပြီး တိုက်ရိုက်တက်ရောက်ခွင့်ရမည့်သူ နှစ်ဦးနှင့် Play-off အဆင့် ကစားခွင့်ရမည့်သူနှစ်ဦး ထွက်ပေါ်ရန်ကျန်ရှိနေသည်။

Most Read

Most Recent