တစ်ကျော့ပြန်စတင်မည့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဇွန် ၁၇ ရက်မှ ဇူလိုင် ၂ ရက်အတွင်း နေ့စဉ်နီးပါး ယှဉ်ပြိုင်ကစားရမည်

တစ်ကျော့ပြန်စတင်မည့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဇွန် ၁၇ ရက်မှ ဇူလိုင် ၂ ရက်အတွင်း နေ့စဉ်နီးပါး ယှဉ်ပြိုင်ကစားရမည်
Photo : goal.com
Photo : goal.com
Published 6 June 2020

တစ်ကျော့ပြန်စတင်မည့် ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်သုံးခုအတွက် ယာယီပွဲစဉ်နှင့် ထုတ်လွှင့်ပြသမည့်ရုပ်သံလိုင်းများ ထွက် ပေါ်လာပြီး ဇွန် ၁၇ ရက်မှ ဇူလိုင် ၂ ရက်အတွင်း နေ့စဉ်နီးပါးယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

ဇွန် ၄ ရက်ကပြုလုပ်သည့် ပရီးမီးယားလိဂ်ကလပ်များ ဆွေးနွေးပွဲအပြီးတွင် ပွဲစဉ် ၂၈ မှ ပွဲကျန်နှစ်ပွဲနှင့် ပွဲစဉ် ၃၀၊ ၃၁၊ ၃၂ အတွက် ပွဲ ၃၀၊ စုစုပေါင်း ၃၂ ပွဲ၏ ရက်စွဲ၊ အချိန်နှင့် ရုပ်သံလိုင်းများကို ဗြိတိန်သတင်းဌာနများစွာက ဖော်ပြခဲ့ခြင်းဖြစ်သည်။

ယခု ရေးဆွဲထားသည့်ပွဲစဉ်အရ ပွဲကျန်နှစ်ပွဲအနက် ပထမဆုံးပွဲအဖြစ် ဇွန် ၁၇ ရက် မြန်မာစံတော် ချိန် ည ၁၁ နာရီခွဲတွင် ဗီလာနှင့် ရှက်ဖီးယူနိုက် တက်၊ မြန်မာစံတော်ချိန် ဇွန် ၁၈ ရက် နံနက် ၁ နာရီ ၄၅ မိနစ်တွင် မန်စီးတီးနှင့် အာဆင် နယ်အသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ပုံမှန်ရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် ၃၀ ကို ဇွန် ၁၉ ရက်မှ ၂၂ ရက်အထိလည်းကောင်း၊ ပွဲစဉ် ၃၁ ကို ဇွန် ၂၃ ရက်မှ ၂၅ ရက် အထိလည်းကောင်း၊ ပွဲစဉ် ၃၂ ကို ဇွန် ၂၈ ရက်မှ ဇူလိုင် ၂ ရက်အထိလည်းကောင်း ယှဉ် ပြိုင်ကစားမည်ဖြစ်ရာ ၁၆ ရက်အတွင်း ဇွန် ၁၈၊ ၂၆၊ ၂၇ သုံးရက်သာ ပွဲစဉ်များမရှိကြောင်း သိရသည်။

အမေရိကန်အခြေစိုက် The Athletic အားကစားဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ ယခုရေးဆွဲထားသည့်ပွဲစဉ်များကို အသင်းအများစု သဘောတူလက်ခံဖွယ်ရှိပြီး အနည်းငယ်သာ အပြောင်းအလဲဖြစ်နိုင်ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ပွဲစဉ်မရှိ သည့် ဇွန် ၂၇ ရက်နှင့် ၂၈ ရက်တွင် FA ဖလား ကွာတားဖိုင်နယ်ပွဲများ ကစားရမည်ဖြစ်သည်။

ပရီးမီးယားလိဂ်ကလပ်များသည် ယခု ရာသီ လက်ကျန်ပွဲစဉ်များတွင် ကစားသမား ငါးဦး လူစားလဲခွင့်ပြုရန် သဘောတူညီမှုရရှိခဲ့ကြောင်းလည်း သိရသည်။

ယခုသဘောတူညီမှုအရ ယခင်က အရန်စာရင်းတွင် ကစားသမားခုနစ်ဦး ထည့်သွင်းခွင့်ရှိရာမှ ကိုးဦးအထိ တိုးမြင့်လာမည်ဖြစ်သည်။

Most Read

Most Recent