ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပွဲကျန်နှစ်ပွဲဖြစ်သည့် မန်စီးတီး-အာဆင်နယ်၊ ဗီလာ-ရှက်ဖီးယူနိုက်တက်ပွဲများဖြင့် ဇွန်(၁၇)တွင် ပြန်လည်စတင်မည်

ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပွဲကျန်နှစ်ပွဲဖြစ်သည့် မန်စီးတီး-အာဆင်နယ်၊ ဗီလာ-ရှက်ဖီးယူနိုက်တက်ပွဲများဖြင့် ဇွန်(၁၇)တွင် ပြန်လည်စတင်မည်
Published 29 May 2020

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ရပ်နားထားရသည့် ၂၀၁၉-၂၀ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပွဲကျန်နှစ်ပွဲဖြစ်သော မန်စီးတီး-အာဆင်နယ်၊ အက်စတွန်ဗီလာ-ရှက်ဖီးယူနိုက်တက်ပွဲများဖြင့် ဇွန်လ(၁၇)ရက်နေ့တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း သိရသည်။

ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို မတ်လ(၉)ရက်၊ ပွဲစဉ်(၂၉)ပြီးကတည်းက ရပ်နားထားခဲ့ရခြင်းဖြစ်ပြီး ပွဲကျန်နှစ်ပွဲလည်းရှိနေသည့်အတွက် စုစုပေါင်း(၉၂)ပွဲ ယှဉ်ပြိုင်ရန် ကျန်ရှိနေသည်။

ယင်းပွဲစဉ်များအား ပြီးဆုံးသည်အထိ ယှဉ်ပြိုင်ကစားနိုင်ရန်အတွက် တာဝန်ရှိသူများက အကြိမ်ကြိမ်ဆွေးနွေးညှိနှိုင်းမှုများဖြင့် ကြိုးပမ်းခဲ့ကြရာ ယခုအခါ ပြိုင်ပွဲပြန်လည်စတင်မည့်နေ့ရက်ကို အတည်ပြုသတ်မှတ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

နောက်ဆုံးသဘောတူညီချက်အရ ပရီးမီးယားလိဂ်ပွဲစဉ်(၃၀)ကို ဇွန်(၁၉)တွင် စတင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပွဲကျန်နှစ်ပွဲကိုမူ ကြားရက်ဖြစ်သည့် ဇွန်(၁၇)တွင် ယှဉ်ပြိုင်ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်တာဝန်ရှိသူများသည် မူလက ဇွန်(၁၂)တွင် ပြိုင်ပွဲပြန်လည်စတင်ရန် ပစ်မှတ်ထားခဲ့သော်လည်း ကလပ်အသင်းများက လေ့ကျင့်ချိန် မလုံလောက်မည်ကို စိုးရိမ်ခဲ့ကြသောကြောင့် နောက်ဆုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ယခုသတ်မှတ်လိုက်သည့် ပွဲစဉ်အချိန်ဇယားအရ ပရီးမီးယားလိဂ်အသင်းများအနေဖြင့် လေ့ကျင့်ပြင်ဆင်ချိန်(၃)ပတ်ဝန်းကျင် ရရှိမည်ဖြစ်သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်ရန် ကြိုးပမ်းရာ၌ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ယခုနောက်ဆုံး ပြိုင်ပွဲပြန်စရန် သဘောတူညီမှုရရှိခဲ့ခြင်းကိုမူ ကြိုဆိုသူများစွာ ရှိခဲ့ကြောင်းလည်း သိရသည်။

ပရီးမီးယားလိဂ်အမှုဆောင်ချုပ် ရစ်ချက်မာစတာစ်ကမူ ဇွန် (၁၇)တွင် ပြိုင်ပွဲပြန်လည်စတင်ရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်သော်လည်း ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာလုပ်ဆောင်သွားရန် လိုအပ်နေသေးကြောင်းနှင့် ပရိသတ်မပါဘဲ ကွင်းပိတ်ယှဉ်ပြိုင်ကစားသွားရမည့် အခြေအနေအတွက် ဝမ်းနည်းမိကြောင်း၊ ပရိသတ်များအားလုံး အိမ်တွင် ကြည့်ရှုနိုင်အောင် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြန်လည်ယှဉ်ပြိုင်မည့် ပရီးမီးယားလိဂ်ပွဲစဉ်အားလုံးကို ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ပြီး ဇူလိုင်(၂၆)တွင် အဆုံးသတ်ရန် လျာထားကြောင်း သိရသည်။

Most Read

Most Recent