အီဂါလို၏ အငှားစာချုပ်သက်တမ်း တိုးမြှင့်နိုင်ရန် ဆွေးနွေးနေကြောင်း မန်ယူအသင်းနည်းပြ ဆိုးလ်ရှား အတည်ပြု

အီဂါလို၏ အငှားစာချုပ်သက်တမ်း တိုးမြှင့်နိုင်ရန် ဆွေးနွေးနေကြောင်း မန်ယူအသင်းနည်းပြ ဆိုးလ်ရှား အတည်ပြု
Published 28 May 2020

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက တိုက်စစ်မှူး အီဂါလို၏ အငှားစာချုပ်သက်တမ်းကို ရာသီကုန်အထိ ဆက်လက်တိုးမြှင့်နိုင်ရန် ဆွေးနွေးနေကြောင်း အတည်ပြုပြော ကြားသည်။

အီဂါလို (၃၀ နှစ်) သည် ပြီးခဲ့သည့် ဇန်နဝါရီတွင် တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းမှ ရာသီဝက်အငှားစာချုပ်ဖြင့် လာရောက်ကစားနေခြင်းဖြစ်ပြီး မေ ၃၁ ရက်တွင် စာချုပ်ကုန်ဆုံးတော့မည်ဖြစ်သည်။

ရှန်ဟိုင်း ရှင်ဟွာအသင်းက ဇွန် ၁ ရက်တွင် ပြန်လာရန်ညွှန်ကြားထားကြောင်း ဗြိတိန်သတင်းဌာနများက ဖော်ပြနေသော်လည်း ဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း ဆိုးလ်ရှားက အတည် ပြုခဲ့ခြင်းဖြစ်သည်။

''အငှားစာချုပ်က မေလကုန်ဆိုရင် ကုန်ဆုံးပါပြီ။ စာချုပ်အရဆိုရင် သူပြန်ရတော့မှာပါ။ ကျွန်တော်တို့ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ သူ့ရဲ့အိပ်မက်အသင်းမှာ ကစားခွင့်ရဖို့အတွက် သူတို့ (ရှန်ဟိုင်းရှင် ဟွာ)က ကျွန်တော်တို့ဆီ စေလွှတ်ပေးခဲ့တာပါ။ ဒါက သူ့ရဲ့အိပ်မက်ပါ။ သူ့အနေနဲ့ ကိုယ်စတင်ခဲ့တဲ့အရာကို ကျွန်တော်တို့နဲ့အတူ ဆုဖလားတစ်ခုနဲ့ အဆုံးသတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အခုလောလောဆယ်မှာတော့ သဘောတူညီမှုမရသေးပါဘူး။ သူတို့လိဂ်က မကြာခင်စတင်တော့မှာဖြစ်လို့ ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်'' ဟု ၎င်းက ဆိုသည်။

အီဂါလိုသည် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ရှစ်ပွဲသာကစားရသေးပြီး လေးဂိုးသွင်းယူကာ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ပေးထားသလို မေ ၂၆ ရက်အထိ မန်ယူအသင်းဖော်များနှင့်အတူ လေ့ကျင့်မှုပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဒဏ်ရာသက်သာလာသည့် ရပ်ရှ်ဖို့ဒ်နှင့် ပေါ့ဘာမှာလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်ချိန်တွင် ပါဝင်နိုင်တော့မည်ဖြစ်ကြောင်း ဆိုးလ်ရှားက ပြောကြားသည်။

 ''သူတို့အခြေအနေကြည့်ရတာ ကောင်းပါတယ်။ အခုဆိုရင် လေ့ကျင့်ခန်းအစီအစဉ်တွေမှာလည်း ပါဝင်နေပါပြီ။ တခြားသူတွေလုပ်တာအားလုံး သူတို့လုပ်နေပါပြီ။ ပြိုင်ပွဲပြန်စရင် သူတို့ကို ရွေးချယ်လို့ ရမယ့်ပုံပါပဲ''ဟု ၎င်းက ဆိုသည်။

 

Most Read

Most Recent