အနာဂတ်တွင် အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်းချန်ပီယံဆုကို စိန်ခေါ်မည်ဟု ONE ဝယ်လ်တာဝိတ်တန်းချန်ပီယံ အက်ဘာဆော့ဗ် ပြောကြား

အနာဂတ်တွင် အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်းချန်ပီယံဆုကို စိန်ခေါ်မည်ဟု ONE ဝယ်လ်တာဝိတ်တန်းချန်ပီယံ အက်ဘာဆော့ဗ် ပြောကြား
Photos : onefc, youtube
Photos : onefc, youtube
Published 12 May 2020

ONE Championship ၏ ဝယ်လ်တာ၀ိတ်တန်းကမ္ဘာ့ချန်ပီယံ အက်ဘာဆော့ဗ်က အနာဂတ်တွင် အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်းချန်ပီယံဆုကို စိန်ခေါ်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။

ကာဂျစ္စတန်နိုင်ငံသား အက်ဘာဆော့ဗ်သည် ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ဆွီဒင်နိုင်ငံသား ဇီဘက်စတန်ကို အနိုင်ရပြီးနောက် ဝယ်လ်တာဝိတ်တန်းချန်ပီယံဆု ရယူနိုင်ခဲ့ ခြင်းဖြစ်သည်။

''ကျွန်တော်က ချန်ပီယံတစ်ယောက်ဖြစ်လာတဲ့အတွက် ONE Championship မှာ စူပါစတားတစ်ယောက်ဖြစ်လာခဲ့ပါပြီ။ ကျွန်တော့်ရဲ့အနာဂတ်အတွက် ONE က ပွဲကြီး ပွဲကောင်းတွေစီစဉ်ပေးမယ်လို့ ယုံကြည်ပါတယ်။ တကယ်တမ်းပြောရရင် အောင်လအန်ဆန်နဲ့ ယှဉ်ပြိုင်ချင်ပါတယ်။ အောင်လအန်ဆန်က လောလာဆယ်တော့ ကျွန်တော့်သူငယ်ချင်း ဗစ်တာလီနဲ့ မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲ ယှဉ်ပြိုင်ရပါဦးမယ်။ ကျွန်တော်လည်း အဲဒီပွဲကို စောင့်ကြည့်သွားမှာပါ။ အနာဂတ်မှာ အောင်လအန်ဆန်ရဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံဆုကို စိန်ခေါ်ချင်ပါတယ်''ဟု ဝယ်လ်တာဝိတ်တန်းချန်ပီယံ ကာဂျစ္စတန်နိုင်ငံသား အက်ဘာဆော့ဗ်က ပြောကြားသည်။

အက်ဘာဆော့ဗ်သည် မစ်ဒယ်ဝိတ်တန်းတွင်လည်း ယှဉ်ပြိုင်ခဲ့ဖူးသူဖြစ်ပြီး စုစုပေါင်း ၂၆ ပွဲယှဉ်ပြိုင်ထိုးသတ်ရာ ၂၂ ပွဲနိုင်၊ လေးပွဲရှုံးရလဒ် ရရှိထားသူဖြစ်သည်။

ONE Championship ၏ ၀ိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်သည် လက်ရှိတွင် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်နှင့် မစ်ဒယ် ၀ိတ်တန်းချန်ပီယံကာကွယ်ပွဲ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အောင်လအန်ဆန်နှင့် ဗစ်တာလီဘစ်ဒက်ရှ်တို့၏ပွဲကို ဧပြီတွင်ကျင်းပရန် စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် မေလကုန်သို့ ရွှေ့ဆိုင်းထားပြီး ယင်းအချိန်တွင်လည်း ကျင်းပနိုင်ဦးမည်မဟုတ် ကြောင်း သိရသည်။

အောင်လအန်ဆန်သည် ဗစ်တာလီဘစ်ဒက်ရှ်ကို အနိုင်ယူပြီးနောက် မစ်ဒယ်ဝိတ်တန်းချန်ပီယံဆု ပထမဆုံး အကြိမ်ရရှိခဲ့ခြင်းဖြစ်ပြီး ယခုပွဲမှာ ၎င်းင်းတို့နှစ်ဦး တတိယအကြိမ် ဆုံတွေ့မည့်ပွဲဖြစ်သည်။

ယခင်နှစ်ပွဲတွင် တစ်ပွဲစီ အပြန်အလှန်အနိုင်ရထားသည်။

အောင်လအန်ဆန်သည် ၂၀၁၄ ခုနှစ်တွင် ONE Championship နှင့် စတင်လက်တွဲပြီးနောက် ဗစ်တာလီဘစ်ဒက်ရှ် တစ်ဦးတည်းကိုသာ ရှုံးနိမ့်ဖူးပြီး ၁၁ ပွဲအထိ အနိုင်ရထားသည်။

အောင်လအန်ဆန်သည် လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ နေအိမ်တွင် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

အောင်လအန်ဆန်သည် ONE Championship ၏ လိုက်ဟဲဗီးဝိတ်တန်းတွင်လည်း ကမ္ဘာ့ချန်ပီယံဆု ရရှိထားသည်။

Most Read

Most Recent