မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့်ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီ ဆောင်ရွက်လျက်ရှိပြီး သုဝဏ္ဏဘောလုံးကွင်း ရှိ လက်ရွေးစင်ကစားသမား နားနေဆောင် နှင့် MFF ရုံးဘေးရှိ အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်) တို့တွင် စောင့်ကြည့်ခံရသူများကို ဒုတိယအကြိမ် ထားရှိပေးထားကြောင်း သိရသည်။

MFF ၏ လက်ရွေးစင်ကစားသမားများ နားနေဆောင်နှင့် အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်) တို့တွင် စောင့်ကြည့်ခံရသူ ၁၄၀ ကျော် ထားရှိပေးထားပြီး ထိုင်းနှင့် တောင်ကိုရီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အများစုပါဝင်ကြောင်း သိရသည်။
MFF ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ၎င်းတည်ထောင်ထားသည့် ဧရာဝတီဖောင်ဒေးရှင်းမှတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်၊ကုသရေးအတွက် လိုအပ်သည့်လှူဒါန်းမှုများ ပြုလုပ်လျက်ရှိပြီး ယခုထားရှိသည့် စောင့်ကြည့်ခံရသူများ၏ နေ့စဉ်စားသောက်မှုများကိုလည်း တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။
MFF ၏ လက်ရွေးစင်ကစားသမားများ နားနေဆောင် နှင့် ဘောလုံးအကယ်ဒမီတို့တွင် စောင့်ကြည့်ခံရသူများကို မတ်လစတုတ္ထပတ်က ပထမအကြိမ်ထားရှိခဲ့ပြီး ယခုအခါ ဒုတိယအကြိမ် လက်ခံထားခြင်းဖြစ်သည်။

MFF ဥက္ကဋ္ဌ ဦးဇော်ဇော်သည် မေလဒုတိယပတ်အထိ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ကုသရေးလုပ်ငန်းများအတွက် ကျပ်သိန်း ၁၇,၀၀၀ ကျော် လှူဒါန်းထားပြီး လိုအပ်သည့်နေရာများတွင်လည်း ထပ်မံလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ဦးဇော်ဇော်သည် မြန်မာနိုင်ငံ၌ ရောဂါပိုးရှိသူ စတင်တွေ့ရှိပြီးကတည်းက ကုသကာကွယ်ရေးလုပ်ငန်းများ တွင် ကူညီဆောင်ရွက်နေခြင်းဖြစ်သည်။















