ဘာစီလိုနာအသင်းသည် အသင်းကွင်းလယ်လူ ကော်တင်ဟိုအား ပေါင်သန်း (၇၀) ရလျှင် ရောင်းချဖွယ်ရှိနေကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။
ဘာစီလိုနာအသင်းသည် ကော်တင်ဟိုအား ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တွင် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၁၄၂)သန်း (ဆုကြေးများအပါအဝင်)ဖြင့် ခေါ်ယူခဲ့သည်။
သို့သော် ကော်တင်ဟိုသည် ဘာစီလိုနာအသင်းတွင် ထင်မှတ်ထားသလောက် ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ အသင်းပရိသတ်များ၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် ဘာစီလိုနာအသင်းသည် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့ကာလတွင် ကော်တင်ဟိုအား ဘိုင်ယန်မြူးနစ်အသင်းထံသို့ တစ်ရာသီအငှားချခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် အငှားစာချုပ်သက်တမ်းကုန်ဆုံးပါက ကော်တင်ဟိုအား ပေါင်သန်း (၁၀၀)ဖြင့် ခေါ်ယူခွင့်ရှိသော်လည်း ကစားသမား၏ ခြေစွမ်းကို သဘောမကျသဖြင့် အပြီးသတ်ခေါ်ယူရန် ဆန္ဒမရှိကြောင်း သိရသည်။
ထို့ကြောင့် ကော်တင်ဟိုအနေဖြင့် ယခုရာသီကုန်တွင် ဘာစီလိုနာအသင်းသို့ ပြန်လာရဖွယ်ရှိနေသည်။ဘာစီလိုနာအသင်းအနေဖြင့် ကော်တင်ဟိုအား အသင်းတွင် နောက်ထပ် (၂၄)ပွဲ ကစားစေမည်ဆိုပါက လီဗာပူးလ်အသင်းကို ပေါင် (၁၇)သန်း ပေးချေရမည်ဖြစ်သည်။
ဘာစီလိုနာအသင်းသည် ယင်းအချက်ကို ရှောင်လွှဲနိုင်ရန်အတွက် ကော်တင်ဟိုအား ရောင်းချရန် စီစဉ်နေခြင်းဖြစ်ပြီး ပေါင်သန်း (၇၀)ဖြင့် ကမ်းလှမ်းလျှင်ပင် လက်ခံဖွယ်ရှိနေကြောင်း သတင်းများက ဖော်ပြနေကြသည်။
လက်ရှိတွင် အသက် (၂၇)နှစ်အရွယ်ရှိ ဘရာဇီးလ်ကွင်းလယ်လူ ကော်တင်ဟိုအား ခေါ်ယူရန် ပရီးမီးယားလိဂ်အသင်းများဖြစ်သည့် ချယ်လ်ဆီးနှင့် နယူးကာဆယ်တို့က စိတ်ဝင်စားနေကြောင်း သိရသည်။















