COVID-19 ကြောင့် ရထားစီးနင်းမှုလျော့နည်းနေချိန်တွင် ရန်ကုန်ဘူတာကြီး စင်္ကြံအမှတ် ၂၊ ၃၊ ၄ ရှိ ရထားသံလမ်းများကို ကိုးချောင်းဆက် သံလမ်းများဖြင့် လဲလှယ်၍ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်

COVID-19 ကြောင့် ရထားစီးနင်းမှုလျော့နည်းနေချိန်တွင် ရန်ကုန်ဘူတာကြီး စင်္ကြံအမှတ် ၂၊ ၃၊ ၄ ရှိ ရထားသံလမ်းများကို ကိုးချောင်းဆက် သံလမ်းများဖြင့် လဲလှယ်၍ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်
ရန်ကုန်ဘူတာကြီး စင်္ကြံ်အမှတ် ၂၊ ၃၊ ၄ ရှိ ရထားသံလမ်းများကို ကိုးချောင်းဆက်သံလမ်းများဖြင့် လဲလှယ်ခြင်းဆောင်ရွက်စဉ်
ရန်ကုန်ဘူတာကြီး စင်္ကြံ်အမှတ် ၂၊ ၃၊ ၄ ရှိ ရထားသံလမ်းများကို ကိုးချောင်းဆက်သံလမ်းများဖြင့် လဲလှယ်ခြင်းဆောင်ရွက်စဉ်
Published 6 May 2020

COVID-19 ကြောင့် ရထားစီးနင်းမှု လျော့နည်းနေချိန်တွင် ရန်ကုန်ဘူတာကြီး စင်္ကြံ်အမှတ် ၂၊ ၃၊ ၄ ရှိ ရထားသံလမ်းများအား ကိုးချောင်းဆက်သံလမ်းများဖြင့် လဲလှယ်၍ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ဆောင်ရွက်နေကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။

ရန်ကုန်ဘူတာကြီးရပ်ဝန်းရှိ ရထားသံလမ်း၊ ကွန်ကရစ်ဇာလီဖားတုံးများနှင့် ကလစ်များသည် တွဲပေါ်မှ ရေကျမှုများ၊ အညစ်အကြေး ကျရောက်မှုများ၊ ခရီးသွား၏ အမှိုက်စွန့်ပစ်မှုများကြောင့် ရထားသံလမ်း ပျက်စီးယိုယွင်းသဖြင့် ခရီးသွားများ ဘေးအန္တရာယ် ကျရောက်ခြင်းမရှိရန် မြန်မာ့မီးရထား၏ စီစဉ်မှုဖြင့် အဆိုပါရထားသံလမ်းများကို ၉ ချောင်းဆက် သံလမ်းများဖြင့် လဲလှယ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စင်္ကြံ်အမှတ် ၂၊ ၃၊ ၄ တို့အနက် စင်္ကြံ်အမှတ် (၂) သည် အဓိကလမ်းကြောင်း ကျလျက်ရှိပြီး အရှည်အားဖြင့် ပေ ၁၇၄၄ ရှည်လျားကြောင်း သိရသည်။ အမှတ် (၃) စင်္ကြံ်နှင့် အမှတ် (၄) စင်္ကြံ်ရှိ ရထားသံလမ်းများ လဲလှယ်မှုမှာ ပြီးစီးနေပြီဖြစ်ကြောင်း သိရပြီး အမှတ် (၂) စင်္ကြံ်အား ရထားသံလမ်းနှင့် ဇလီဖားတုံးများ လဲလှယ်မှုကိုတစ်လအတွင်း ပြီးစီးရန် ဆောင်ရွက်နေကြောင်း သိရသည်။

“ ရထားတွဲတွေပေါ်က ရေကျမှု၊ မကောင်းတဲ့ အညစ်အကြေးတွေကျမှုတွေကြောင့် ရထားသံလမ်းတွေက သံချေးတွေ တက်ကုန်တယ်။ ပြုတ်သွားတဲ့ ကလစ်တွေကလည်း ပြန်ထည့်လို့မရတော့ဘူး။ နဂိုရှိတဲ့ ရထားလမ်းတွေလည်း ပြန်ပြီးတော့ အစားထိုးထည့်ဖို့လည်း မရတော့ဘူး။ အဲဒါကြောင့် ရထားသံလမ်းတွေကို ပြန်လဲရတော့မှာပါ။ မြို့ပတ်မှာကိုးချောင်းဆက်သံလမ်း အသုံးပြုသလို ဘူတာရပ်ဝန်းကိုလည်း ကိုးချောင်းဆက် သံလမ်းလဲလှယ်ရခြင်း ဖြစ်ပါတယ်” ဟု  မြန်မာ့မီးရထားမှ လက်ထောက်အင်ဂျင်နီယာ (မြို့ပြ) ဦးကျော်လွင်က ပြောကြားသည်။

ယခုဖြစ်ပေါ်နေသော COVID-19 ကြောင့် ရထားစီးနင်းသူခရီးသည် နည်းပါးနေချိန်တွင် နံပါတ် (၁) စင်္ကြံ်သည် ခရီးသွားပြည်သူများအတွက် အသုံးပြုလျက်ရှိပြီး ရန်ကုန်ဘူတာရပ်ဝန်းရှိ ရထားသံလမ်းများကို အဆင့်မြှင့်တင်သည့် လုပ်ငန်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့ ရထားသံလမ်းဟာ Wheel Burn လို့ခေါ်တဲ့ မျက်နှာချိုင့်ခွက် ပွန်းစား သံလမ်းဖြစ်နေတာကြောင့် ဆူညံတဲ့ အသံတွေထွက်နေတာကြောင့် ခရီးသည်တွေအတွက် နားဆူတယ်။ နောက်ပြီး သံလမ်းဖိနပ် (ကလစ်) တွေက နှစ်ကာလကြာပြီဖြစ်လို့ ဆွေးမြည့်တာတွေကြောင့် အခုလို လဲလှယ်ရတာပါ” ဟု မြန်မာ့မီးရထားမှ အငယ်တန်း အင်ဂျင်နီယာ ဦးကျော်ထက်ဇော်က ပြောကြားသည်။

မြန်မာ့မီးရထားမှရန်ကုန်မြို့၏ အရှေ့ခြမ်းနှင့် အနောက်ခြမ်းဟူ၍ နှစ်ပိုင်းခွဲခြား၍ အဆင့်မြှင့်တင်မှု ပြုလုပ်နေသည့် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းများလာမည့် ၂၀၂၀ ပြည့်နှစ်မေလတွင် ပြီးစီးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

Most Read

Most Recent