အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး အဂွဲရိုး၏ ပရိုကစားသမားဘဝစတင်ရာ အာဂျင်တီးနားကလပ် အင်ဒီပန်ဒီယန်တေအသင်းမှ သူ့အား ပြန်လည်ခေါ်ယူရန် အရှိန်မြှင့်လာသောကြောင့် မန်စီးတီးအနေဖြင့် ခက်ခက်ခဲခဲ ထိန်းသိမ်းရဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။
အဂွဲရိုးသည် သူ၏အောင်မြင်သောကစားသမားဘဝကို အင်ဒီပန်ဒီယန်တေအသင်းနှင့် စတင်ပြီး ယင်းအသင်းတွင် တစ်နေ့နေ့တစ်ချိန်ချိန်၌ ပြန်လည်ကစားမည်ဟု အတိအလင်းဝန်ခံထားသူဖြစ်သည်။
တောင်အမေရိကသတင်းများကို ကိုးကားပြီး Mirror သတင်းစာက ပြန်လည်ဖော်ပြမှုတွင် အင်ဒီပန်ဒီယန်တေအသင်းသည် အဂွဲရိုးကို အသင်းဟောင်းထံ ပြန်လည်ခေါ်ယူနိုင်ရန်အတွက် အရှိန်အဟုန်မြင့် ကြိုးပမ်းလာကြောင်း ရေးသားခဲ့သည်။
အက်သလက်တီကိုကစားသမားဟောင်းဖြစ်သူ အဂွဲ္ဂရိုးသည် မန်စီးတီးအသင်းနှင့် ၂၀၂၁ ခုနှစ်အထိ စာချုပ်ကျန်ရှိနေသေးကြောင်း သိရသည်။
လက်ရှိတွင် အင်ဒီယန်ဒီယန်တေအသင်းကို ကွင်းလယ်လူဟောင်း ပူဆင်နယ်ရီဆိုသူက ကိုင်တွယ်နေပြီး ၂၀၀၃ မှ ၂၀၀၆ အကြားတွင် အဂွဲရိုးအပြင် အေစီမီလန်ကွင်းလယ်လူ ဘစ်ဂလီယာတို့နှင့် တစ်သင်းတည်း အတူကစားခဲ့ဖူးသည်။
ပူဆင်နယ်ရီက ယခုနွေရာသီတွင် အဂွဲရိုးကို အသင်းသို့ပြန်လည်ခေါ်ယူလိုကြောင်း အတိအလင်း ဝန်ခံထားခဲ့သည်။
အဂွဲရိုးသည် မန်စီးတီးအသင်းသို့ ၂၀၁၁ ခုနှစ်က အက်သလက်တီကိုအသင်းမှ ရောက်ရှိလာခဲ့ပြီး အသင်းအတွက် ပွဲပေါင်း(၃၆၈)ပွဲကစားထားရာတွင် (၂၅၄)ဂိုး သွင်းယူပေးခဲ့သည်။