ကြို့ပင်ကောက်မြို့တွင် တည်းခိုခန်းတစ်ခုအား COVID-19 နှင့်ပတ်သက်၍ သွားရောက် စစ်ဆေးခဲ့သည့်အဖွဲ့မှ ရာအိ်မ်မှူး၏ မိသားစုအား ဓားဖြင့်အုပ်စုဖွဲ့ ခုတ်ခဲ့သဖြင့် တစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိပြီး တရားခံများကို မမိသေး

ကြို့ပင်ကောက်မြို့တွင် တည်းခိုခန်းတစ်ခုအား COVID-19 နှင့်ပတ်သက်၍ သွားရောက် စစ်ဆေးခဲ့သည့်အဖွဲ့မှ ရာအိ်မ်မှူး၏ မိသားစုအား ဓားဖြင့်အုပ်စုဖွဲ့ ခုတ်ခဲ့သဖြင့် တစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိပြီး တရားခံများကို မမိသေး
Published 6 April 2020
ဝေလင်း (ပြည်)

ကြို့ပင်ကောက်မြို့တွင် တည်းခိုခန်းတစ်ခုအား COVID-19 နှင့်ပတ်သက်၍ သွားရောက် စစ်ဆေးခဲ့သည့်အဖွဲ့မှ ရာအိ်မ်မှူး၏ မိသားစုအား ဓားဖြင့်အုပ်စုဖွဲ့ ခုတ်ခဲ့သဖြင့် တစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့ပြီး တရားခံများကို မမိသေးကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၅ ရက် ညနေ ၆ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ မှုခင်းဖြစ်စဉ် မဖြစ်ပွားမီ ဧပြီ ၅ ရက်တွင် တည်းခိုခန်း မန်နေဂျာမှာ ရောဂါလက္ခဏာ သံသယရှိကြောင်း သတင်းပေးချက်အရ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ဧပြီ ၆ ရက်တွင် အပူတိုင်းပေးခဲ့သည့်အဖွဲ့မှ ရာအိမ်မှူးဖြစ်သူ ရွာမမြောက်ရပ်ကွက်၊ ကံညီနောင်လမ်းနေ ဦးဘာဘူလေး (ခ) ဦးမောင်မောင်မြင့် နေအိမ်သို့ ဦးမောင်အေး၊ ဦးရောင်ကြီး၊ ဦးဖိုးဆောင်းတို့နှင့်အတူ လူ ၂၀ ခန့် လာရောက်ခဲ့ပြီး ဦးဘာဘူအား စကားပြောဆိုရန်ရှိ၍ ထွက်လာရန်ပြောရာ ထွက်ကြည့်သည့်အချိန်တွင် ဓားဖြင့် အသင့်စောင့်နေသူများက လိုက်လံထိုးခုတ်သဖြင့် နေအိမ်ကို တံခါးပိတ်၍ မိသားစုဖြင့် ထွက်ပြေးခဲ့သော်လည်း နေအိမ်တွင် ကျန်ရှိနေသူများကို ဆက်လက် ထိုးခုတ်ခဲ့ကြောင်း သိရသည်။

“ သူတို့ တည်းခိုခန်းမှာရှိတဲ့ မန်နေဂျာက အဲဒီရောဂါ လက္ခဏာမျိုး ဖြစ်သယောင်ပေါ့။ အဲဒါကို စစ်ဆေးပေးပါဆိုပြီး ပြောတော့ သူက စစ်ဆေးပေးတာ။ သူတစ်ယောက်တည်း သွားတာလည်း မဟုတ်ဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဆရာမတွေနဲ့ တည်းခိုခန်းကို စစ်တာပေ့ါ။ ဆေးတွေလည်း ဖျန်းပေးပါတယ်။ သူတို့က မကြည်ဖြူဘူး။ သူတို့တည်းခိုခန်းမှာ ဒါမျိုးမရှိဘူး။ မင်းကဘာမို့လို့လည်း ဆိုပြီး အပူချိန်တိုင်းတဲ့ စက်လေးကို ကိုင်ပေါက်တယ်။ ကျန်သူတွေက တားကြတယ်။ နိုင်ငံတော်က တရားဝင်စစ်ခိုင်းတာ ဆိုတော့မှ သူက နားလည်သလိုလိုနဲ့ ရှိသွားတာ” ဟု ဦးဘာဘူ၏ ဆွေမျိုးတစ်ဦးက ပြောကြားသည်။

အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ “နောက်နေ့ကြတော့ တောင်းပန်မယ်ဆိုပြီး မိသားစုတွေကို နေအိမ်က ဘယ်မှမသွားပါနဲ့ဆိုပြီး လူကြုံနဲ့မှာတော့ သူတို့လာမယ်မှတ်ပြီး ဦးဘာဘူတို့က လက်ဘက်သုပ်တွေနဲ့ စောင့်နေတာ။ သူတို့ရောက်ပြီဆိုတော့ ဦးဘာဘူက တံခါးဖွင့်ပေးတော့ ဦးမောင်အေး မျက်နှာကိုလည်း မြင်တယ်။ ကိုရောင်ကြီးကိုလည်း မြင်တယ်။ အိမ်ထဲကို ဝင်မယ်ဆိုတော့ တောင်းပန်မယ်မှတ်ပြီး တံခါးဖွင့်ပေးတော့ ကားထဲကနေ လူအယောက်၂၀ လောက်က ဓားရှည်တွေနဲ့။ မြင်တော့ ထွက်ပြေးတာ အကုန်လုံးအိမ်ထဲကို ဝင်ခုတ်ကြတာ။ အိမ်ထဲမှာက ပန်းရောင်းတဲ့ ကျန်းမာရေးမကောင်းတဲ့ အဒေါ်ကြီး တစ်ယောက်လည်း ရှိတယ်။ ဘာမှ ထမလုပ်နိုင်တော့ ရုန်းရင်းဆန်ခတ်နဲ့ ဝင်လာတာကို ထတောင်းပန်တာ မလုပ်ပါနဲ့ဆိုပြီး တားနေတာ။ အပြင်က ပြန်လာတဲ့ အဒေါ်ကြီးသားနဲ့ တစ်ယောက်ကို ထပ်ခုတ်တာ။ ခုတ်ပြီး ဆွဲခေါ်သွားတာ။ သူ့အမေက လိုက်ဆွဲတာမှာ ထပ်ခုတ်ကြတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဓားဖြင့် အခုတ်ခံရမှုကြောင့် အောင်ဇော်ဇော် (၂၆ နှစ်) တွင် ဝဲလက်မောင်း ပြတ်ရှဒဏ်ရာ၊ နဖူးပေါက်ပြဲ ပြတ်ရှဒဏ်ရာတို့ဖြင့် သေဆုံးခဲ့ပြီး၊ အောင်ကိုကိုဦး (၄၀ နှစ်) တွင် ဦးခေါင်း ပြတ်ရှဒဏ်ရာ၊ ယာလက်မ ပြတ်ရှဒဏ်ရာ၊ လည်ပင်းယာဘက်ခြမ်း ပြတ်ရှဒဏ်ရာ၊ နဖူးပြတ်ရှဒဏ်ရာတို့ဖြင့် အတွင်းလူနာ စိုးရိမ်ရ အခြေအနေ၊ ဒေါ်စန်းစန်းမော်တွင် ဦးခေါင်း ယာဘက်စောင်းတွင် ပြတ်ရှဒဏ်ရာ တစ်ချက်တို့ ရရှိခဲ့ကြောင်း သိရသည်။

ယင်းသို့ ဓားဖြင့် အခုတ်ခံရသည့်ဖြစ်စဉ် မဖြစ်ပွားမီကတည်းက ရာအိမ်မှူးက အဆိုပါ တည်းခိုခန်းကို တိုင်ကြားမှုများ ရှိကြောင်း၊ COVID-19 ရောဂါ စစ်ဆေးမှုကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ရေးသားမှုများ ရှိနေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမင်းသိန်းက ပြောကြားသည်။

“လိုင်းပေါ်မှာတော့ COVID-19 ပတ်သတ်လို့ဆိုပြီး ရေးထားတာ ရှိတာပေါ့။ ဒါပေမယ့် သူတို့က အရင်တုန်းကတည်းက ချိတ်တွေ ရှိကြတယ်။ COVID ဓားစာခံ ဖြစ်သွားတယ်လို့ ပြောလို့ရပါတယ်။ သူက ရာအိမ်မှူးပါ။ ကိုဘာဘူလေးကတော့ အမှုဖွင့် တိုင်ကြားထားတယ်။ သူကဒီလိုပါ တည်းခိုခန်း ဆိုတာထက် လူပေါင်းစုံ ဝင်တာပေါ့။ ဟိုးအရင်ကတည်းက ရာအိမ်မှူးက တိုင်တာတို့ ဘာတို့ ရှိခဲ့ဖူးတယ်။ အခုကြတော့ COVID-19 နွယ်သွားတဲ့ သဘောပေါ့။ COVID-19 နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဒီလိုမျိုးတွေက ကျေးရွာတွေမှာ နာခံတဲ့လူ ရှိတယ်။ မနာခံတဲ့လူ ရှိပါတယ်။ ကျွန်တော်တို့က အုပ်ချုပ်ရေးမှူးတွေကို တာဝန်ပေးထားတာ ရှိတယ်။ သူတို့ ကိုင်တွယ်ပုံလေးပေါ့။ တစ်ချို့ဟာတွေက မေတ္တာရပ်ခံလို့ပဲရတာ။ သေချာဖမ်းချုပ်လို့လည်း မရတာ ကျွန်တော်တို့ ရွာတွေမှာ ရှိပါတယ်။ မြို့နယ်ကို လှမ်းပြောရင် ကျွန်တော်တို့ ချက်ချင်းသွားပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးတာ ရှိတယ်။ အဲဒီလိုနေရာမျိုးမှာ သူကိုင်တွယ်ပုံက လက်တစ်ဆုံး ဖြစ်သွားပုံရတယ်။ အဲဒီတော့ ဟိုဘက်မှာ မကျေနပ်တာ ဖြစ်တယ်ထင်တယ်။ ဒါပေမယ့် အဲဒါအပိုင်း နှစ်ပိုင်းရှိတာပေါ့။ ကျွန်တော်တို့လည်း မြို့နံမည်ပျက်တယ်။ ဒီကိစ္စမှာ မြို့နယ်အဖွဲ့တွေကရော အထောက်အကူပြု အဖွဲ့တွေကရော တက်တက်ကြွကြွ ဆောင်ရွက်နေချိန်မှာ ဒီလိုမျိုးဖြစ်သွားတယ်။ ကျွန်တော်တို့မြို့မှာ ဖြစ်လေ့ဖြစ်ထ မရှိဘူး မှုခင်းဆိုခရိုင်မှာ ပထမ ရထားတာ။ ဖြစ်တော့လည်း အကြီးကြီး ဖြစ်သွားတာ” ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမင်းသိန်းက ပြောကြားသည်။

ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူများကို အရေးယူပေးပါရန် ဦးဘာဘူလေး (ခ) ဦးမောင်မောင်မြင့်က ကြို့ပင်ကောက် မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းထားကြောင်း သိရပြီး လက်ရှိအချိန်အထိ ကျူးလွန်ခဲ့သည့် တရားခံများကို မမိသေးကြောင်း သိရသည်။ 

Most Read

Most Recent