တောင်ဇလပ်ပင်များနည်းပါးလာမှုနှင့် တောင်ဇလပ်ပန်းများ ချိုးယူလာမှုများပြားလာသည့်အတွက် ခူးယူမှုလျော့ကျစေရန် စတစ်ကာကမ်ပိန်းပြုလုပ်

တောင်ဇလပ်ပင်များနည်းပါးလာမှုနှင့် တောင်ဇလပ်ပန်းများ ချိုးယူလာမှုများပြားလာသည့်အတွက် ခူးယူမှုလျော့ကျစေရန် စတစ်ကာကမ်ပိန်းပြုလုပ်
Published 24 February 2020
အောင်သူထွန်း

ချင်းပြည်နယ် လေသာတောင်တန်း နှင့် ကနေဒီတောင်များပေါ်တွင်ရှိသော တောင်ဇလပ်အပင်များ နည်းပါးလာမှုနှင့် တောင်ဇလပ်ပန်းများ ချိုးယူလာမှုများပြားလာသည့် အတွက် တောင်ဇလပ်ပင်များခုတ်ယူမှုနှင့် တောင်ဇလပ်ပန်းများ ခူးယူမှုလျော့ကျစေရန် အတွက် ဒေသအခေါ်လေထန်ကုန်း (ကလေး - တီးတိန်း ကားလမ်းပေါ်ရှိ ထုတ်လှိုင်ကျေးရွာ လမ်းခွဲ )နေရာတွင် ဖို့ဝှိုက်တောင်ဇလပ်ချစ်သူများအဖွဲ့ကားများ၊ ဆိုင်ကယ်များတွင် တောင်ဇလပ်ပန်းများထိန်းသိမ်းကာကွယ် တန်ဖိုးထား စာသားပါဝင်သည့် စတစ်ကာများ ကပ်ပေး၍ ကမ်ပိန်းပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

“အခုဆိုရင်နယ်ခံတွေကတောင် ဇလပ်တွေခုတ်တယ်။ ထင်းမီးအဖြစ်အသုံးပြုတယ်။  ခရီးသွားတွေကလည်း တောင်ဇလပ်တွေကို သွားရင်းလာရင်း တစ်ပွင့်နှစ်ပွင့် ခူးသွားတဲ့ သူရှိသလို တချို့လည်း အများကြီး ခုတ်ယူ သွားတဲ့သူလည်း ရှိပါတယ်။ ကနေဒီတောင် တစ်ဝိုက်မှာရှိတဲ့ တောင်ဇလပ်ပန်းတွေက နည်းပါးလာတာပေါ့။ အရင်နှစ်တွေတုန်းက ဒီလိုမဟုတ်ဘူး ။ အခု နောက်ပိုင်းမှာခရီးသွား တွေများလာတော့ တောင်ဇလပ်ပန်းခူးတဲ့သူ တောင်ဇလပ်ကိုင်းချိုးတဲ့သူ ပိုများလာတယ်။ အခုဆိုတောင်ဇလပ်တွေက မျိုးသုဉ်းတော့မယ့် အနေအထား ဖြစ်နေတယ်။ ဒါ့ ကြောင့် ခရီးသွားတွေကို စတစ်ကာလေးတွေ ကပ်ပေး ပြီးအသိပေးချင်တာပေါ့။ ဒီလိုအသိ ပေးထားတော့ နောက်တစ်ခါဆိုရင် ထပ်မလုပ်တော့ဘူးပေါ့။ တောင်ဇလပ်မျိုးစိတ်က သိပ်မျိုး မပွားဘူး။ နယ်ထဲမှာ ရှိရင်းစွဲ တောင်ဇလပ်တွေကိုလူတွေကို မခူးဖို့ အသိပေးမယ်။ မခူးနဲ့ မကောက်နဲ့ပေါ့။ တောင်ဇလပ်ပင်တွေကို ကာကွယ်ပေးမယ်။ နောက်နှစ်ဆိုရင်လည်း ဒီလိုအသိပညာပေးတွေကိုလည်း ဒီ့ထက် မကလုပ်ချင်တာတွေလည်း ရှိပါတယ်”ဟု ဖို့ ဝှိုက်တောင်ဇလပ်ချစ်သူများအဖွဲ့မှ မသွယ်နိုး က ပြောကြားသည် ။

အဆိုပါ ကန်ပိန်းကို ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြပြီး ဖို့ဝှိုက် တောင်ဇလပ် ချစ်သူများ အဖွဲ့မှ အဖွဲ့ဝင် ၂၅ ဦးက နံနက်ပိုင်းတွင် တစ်ကြိမ်၊ ညနေပိုင်းတွင် တစ်ကြိမ်လေထန်ကုန်းနေရာသို့ ရောက်ရှိ လာသော ကားများနှင့် ဆိုင်ကယ်များကို စတစ်ကာကပ်ပေးခဲ့ကြသည်။

တောင်ဇလပ်ပင်များသည် လွန်ခဲ့သည့် ၂၀ နှစ်ဝန်းကျင်ခန့်က လေထန်ကုန်းနေရာတွင် အများအပြား ရှိသော်လည်း ယခုအခါ တောင်ဇလပ်ပင်များ ခုတ်ယူခြင်း၊ တောင်ဇလပ်ကိုင်းများ ချိုးယူခြင်းတို့ ကြောင့် တောင်ဇလပ်ပင်များ နည်းပါးလာသည်။ တောင်ဇလပ်ပင်သည် ပေပေါင်း ၆၀၀၀ ဝန်းကျင်ခန့် တွင်သာ ပေါက်ရောက်သော အပင်ဖြစ်ပြီး အပင်ဖြစ်ထွန်းနှုန်းနည်းပါးသည့် အပင်လည်း ဖြစ်သည်ဟု သိရသည်။

တောင်ဇလပ်ပင်များ ခုတ်ယူမှုနှင့်ပတ်သက်၍ ထိရောက်သော အပြစ်ပေးအရေးယူ မှုများဥပဒေအရ အကာအကွယ်ပေးခြင်းများ မရှိသေးပေ။ “ကျွန်တော်တို့ ဖို့ဝှိုက်တောင် ဇလပ်ချစ်သူများကနေပြီးတော့ တောင်ဇလပ် ခူးယူမှု မရှိအောင်ပေါ့။ ဘာလို့လဲဆိုတော့ ချင်းပြည်နယ်ကလည်း လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းလာတယ်။ အင်တာနက်ကလည်း ကောင်းလာတော့ တောင်ပေါ်ရဲ့ အလှတွေက နေရာတကာတိုင်း ရောက်သွားပြီး လူသွားလူလာလည်း များလာတယ်။ လာတဲ့ သူများလာတာနဲ့အမျှ တောင်ဇလပ်ခူးယူမှု ကလည်း ပိုများလာတယ်။ အဲဒီအတွက် တောင်ဇလပ်တွေ ထိန်းသိမ်းနိုင်အောင် စတစ်ကာလေးတွေကိုလာတဲ့ ကားတွေ ဆိုင်ကယ်တွေကပ်ပေးပြီး ကမ်ပိန်းလုပ်တာပေါ့။ တောင်ဇလပ်ပန်းကလည်းပေ ၆၀၀၀ လောက် မှာ ပွင့်တဲ့ အပင်တွေ ဖြစ်တယ်လေ။ ရှားပါးတဲ့ အပင်တွေ ဖြစ်တယ်။ တစ်ယောက်တစ်ပွင့် ခူးလာတဲ့အခါကျတော့ နောက်ဆိုရင် ပျောက်ကွယ်သွားနိုင်တယ်။ ဒါ့ကြောင့် လက်ကျန် အပင်လေးတွေကို ထိန်းသိမ်းနိုင်ဖို့ အတွက် စတစ်ကာလေးတွေ ဖြန့်ဝေတာပါ။ချင်းပြည် နယ်ကိုလာမယ့်သူတွေကို ပြောချင်တာက တောင်ဇလပ်ဆို တာကလည်းအပင်ပေါ်မှာ သာပိုလှတာပါ။ တောင်ဇလပ်ပန်းကိုအပင် ပေါ်မှာသာ ထားဖို့ မခူးကြဖို့ တောင်းပန်ချင်ပါတယ်”ဟု ကမ်ပိန်းတွင် ပါဝင်ခဲ့သူ ဆလိုင်ကေတီလျှံက ပြောကြားသည်။          

Most Read

Most Recent