မြဝတီမြို့ သင်္ဃန်းညီနောင်ကျေးရွာတွင် ကျေးရွာမြေငှားဂရန် ချထားပေးနိုင်ရေး ဆောင်ရွက်နေ

မြဝတီမြို့ သင်္ဃန်းညီနောင်ကျေးရွာတွင် ကျေးရွာမြေငှားဂရန် ချထားပေးနိုင်ရေး ဆောင်ရွက်နေ
Published 28 April 2026

မြဝတီမြို့ သင်္ဃန်းညီနောင်ကျေးရွာတွင် ကျေးရွာမြေငှားဂရန် ချထားပေးနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

ဧပြီ ၂၇ ရက်က ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ သင်္ဃန်းညီနောင်ကျေးရွာအုပ်စုရှိ သင်္ဃန်းညီနောင် အ.ထ.က (ခွဲ)ကျောင်းတွင် သင်္ဃန်းညီနောင်ကျေးရွာအတွင်း ကျေးရွာမြေငှားဂရန် ချထားပေးနိုင်ရေးအတွက် အသိပေးချပြရှင်းလင်းပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါရှင်းလင်းပွဲသို့ လက်ထောက်ကော်လိတ္တော်အရာရှိ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်အောင်ဝင်း၊ မြို့နယ်မြေစာရင်းဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးသောင်းထွဋ်၊ ခရိုင် သစ်တောဦးစီးဌာန၊ ဦးစီးမှူး ဦးအောင်စိုးတင့်၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး  ဦးအောင်နိုင်ထွေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး၊ သင်္ဃန်းညီနောင်ကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး/ဆယ်အိမ်မှူးများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် လက်ထောက်ကော်လိတ္တော်အရာရှိ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်က ရက်(၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ချထားပေးနိုင်ရေးနှင့်ပတ်သက်၍ လုပ်ငန်းစဉ်များ အသိပေးချပြ ရှင်းလင်းခြင်းနှင့် လျှောက်ထားရာတွင် လိုအပ်သောအချက်များနှင့် စိစစ်ရမည့်အချက်များ ရှင်းလင်းခြင်းကိုလည်းကောင်း၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဦးသောင်းထွဋ်က မြေတိုင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းခြင်းကိုလည်းကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်အောင်ဝင်းက နိုင်ငံသားတိုင်း ဥပဒေအရ ကိုင်ဆောင်ခွင့်ရှိသည့် နိုင်ငံသား/ နိုင်ငံသားပြု လက်မှတ်တစ်မျိုးမျိုး ကိုင်ဆောင်ခွင့်ရရှိနိုင်ရန် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး၊ မြို့နယ်လမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဦးနေယုလင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဦးဉာဏ်ဝင်းအောင်တို့က ဆောင်ရွက်လျက်ရှိသည့် ဌာနလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လိုက်နာကျင့်သုံးရမည့်အချက်များကိုလည်းကောင်း ကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး တက်ရောက်လာကြသည့် ပြည်သူများမှ သိရှိလိုသည်များကို မေးမြန်းမှုအပေါ်  တာဝန်ရှိသူများက ပြန်လည်၍ ဆွေးနွေးရှင်းလင်းဖြေကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

Most Read

Most Recent