ဗိုင်းရပ်စ်ထိန်းချုပ်ရေး ပြည်သူ့စစ်ဗျူဟာ

ဗိုင်းရပ်စ်ထိန်းချုပ်ရေး ပြည်သူ့စစ်ဗျူဟာ
Published 17 February 2020
မြတ်သစ်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မည်ကို ထိတ်လန့်တုန်လှုပ်နေကြကုန်သော တရုတ်ပြည်သူများသည် အိမ်တွင်းပုန်းနေကြသည်။ ဗိုင်း ရပ်စ်ပျံ့နှံ့မှု၊ လူသေဆုံးမှု၊ ကူးစက်ခံရမှုနှင့် ပတ်သက်သော သတင်းများ အချင်းချင်း ဖလှယ်ကြသည်။ တရုတ်အာဏာပိုင်များနှင့် တရုတ်ကွန်မြူနစ်ပါတီက ရန်သူသစ်ကို နည်းဟောင်းလက်နက်ကိရိယာနှင့် တိုက် ခိုက်နေသည်။ နည်းလမ်းဟောင်းဆိုသည်က ၀ါဒဖြန့်ချိခြင်းဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ် နှင့်ပတ်သက်သည့် ကိစ္စများကို စာတန်းများ ဖြင့် ရေးသားထားသည်။

သမ္မတ ရှီကျင်ပင်းက ကိုရိုနာဗိုင်းရပ်စ် ကို ‘ပြည်သူ့စစ်’ အသွင်သဏ္ဌာန်ဖြင့် ချေမှုန်း ကြရမည်ဟု ပြောကြားပြီးသည့်နောက် တ ရုတ်အာဏာပိုင်များသည် ၀ါဒဖြန့်ချိရေး လက်နက်ကို တွင်တွင်ကျယ်ကျယ် အသုံးပြု လာကြသည်။ သေဆုံးသူ ၁,၆၀၀ ကျော်၊ ကူး စက်ခံရသူ ၆၈,၀၀၀ ကျော်ရှိနေသည့် ကိုရိုနာဗိုင်းရပ်စ်သည် ပြည်သူလူထုအတွက် တော့ စိုးရိမ်စရာဖြစ်နေသည်။

‘‘ရှေ့တန်းစစ်မျက်နှာရောက် ရဲဘော်တို့’’ဟု ရှီကျင်ပင်းက ဆက်လက်ပြောကြား သည်က ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို တားဆီး ရာတွင် ဥက္ကဋ္ဌကြီးမော်၏ သြဝါဒဖြစ်သည့်  ပြည်သူလူထုကြီးတစ်ရပ်လုံး ပါဝင်အောင် စည်းရုံးလှုံ့ဆော် ပါဝင်ရေးသည် အရေးပါ ကြောင်း၊ မျိုးချစ်စိတ်ဓာတ်ဖြင့် နှိမ်နင်းရမည် ဖြစ်ကြောင်း အစိုးရပိုင် မီဒီယာမှနေ၍ တပ် လှန့်နှိုးဆော်ခဲ့သည်။

တရုတ်ပြည်သူတစ်ဦးဖြစ်သူ Zhao Yiling ဆိုလျှင် ဇန်နဝါရီ ၂၃ ရက်မှစ၍ နေ အိမ်အပြင်ဘက် လုံးဝ မထွက်တော့ပေ။

‘‘ဗိုင်းရပ်စ်တိုက်ဖျက်ရေးကော်မတီက စိတ်ရှည်ရှည်ထားရမယ်။ နေအိမ်အပြင် မထွက်ရဘူးလို့ ပြောကြားတာကြောင့် ကျွန်မ သူတို့ပြောတာ လိုက်နာပြီး အိမ်အပြင်လုံးဝ မထွက်တော့ဘူး’’ ဟု Zhao က ပြောကြားခဲ့ သည်။ သူမ အသက်က ၅၇ နှစ်ရှိပြီဖြစ်သော အိမ်ထောင်ရှင်မ ဖြစ်သည်။ သူမ နေထိုင် သည့် အရပ်ဒေသမှ ဗိုင်းရပ်စ် နှိမ်နင်းရေး ကော်မတီ၏ လမ်းညွှန်ချက်များမှာ တရုတ် ကွန်မြူနစ်ပါတီမှ ချမှတ်ထားသည့် လမ်းညွှန် ချက်များနှင့်အညီဖြစ်ကြောင်း Zhao က ပြောကြားလိုက်သည်။ သို့သော် သူမအနေ ဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မည်ကို စိုးရိမ်ပူပန်နေဆဲဖြစ်ကြောင်း Zhao က ပြော ပြသည်။

Zhao နေထိုင်သည့် တိုက်ခန်းအပြင် ဘက်တွင် ဧရာမစာတန်းကြီး တစ်ခုရှိသည်။ ဗိုင်းရပ်စ်ကို မပျံ့နှံ့အောင် ထိန်းချုပ်ရမည် ဟူသော စာများရေးသားသည်။ ‘‘ခြေရာခံ၊ သတိထား၊ သီးခြားခွဲထား၊ အမြန်ဆုံးကုသ’’ ဟူသော စာများ ရေးထားသည်။

၀ါဒဖြန့်ချိရေးလုပ်ငန်းသည် တရုတ် နိုင်ငံတွင် ခေတ်မကုန်သေး။ Zhejiang သည် တရုတ်နိုင်ငံ အရှေ့ပိုင်းတွင်ရှိသည်။ ဟူဘေးပြည်နယ်ပြီးလျှင် ဗိုင်းရပ်စ်ကြောင့် ကူးစက်ခံရသူ အများဆုံးအရပ်ဒေသဖြစ် သည်။ Zhejiang ရှိ လူမှုမီဒီယာမှနေ၍ ‘ဗိုင်း ရပ်စ်ပျံ့နှံ့မှုကို ရင်ဆိုင်ဖို့ ပါတီအလံတော်ကို မြှင့်တင်စို့’’ ဟူသော ကြွေးကြော်သံကို တင်ခဲ့သည်။ ဟူဘေးပြည်နယ် Yunmeng စီရင်စု ရှိ အဆောက်အအုံတစ်ခုတွင် ချိတ်ထားသော စာတမ်းက ကြောက်စရာကောင်းလှ သည်။

‘‘ဖျားနာခြင်းကို အကြောင်းမကြား သူသည် ရန်သူ’’ ဟု ရေးထားသည်။ ထို့ပြင် ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရန်အတွက် ထိန်းချုပ်ထားသည့် ခရိုင်တွင် ရေးသားသည့် ကြွေးကြော်သံက အင်မတန်မှ ထိတ်လန့် တုန်လှုပ်ဖွယ်ကောင်းသည်။

 AP)

‘‘တစ်ယောက်နှင့်တစ်ယောက် သွား ရောက်တွေ့ဆုံခြင်းသည် တစ်ယောက်ကို တစ်ယောက် သတ်ခြင်းဖြစ်သည်။ အတူတကွ ရှိခြင်းသည် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခြင်း ဖြစ်သည်’’ ဟူ၏။ အိမ်နီးချင်းများကိုလည်း ဟူဘေးပြည်နယ်မှ ရောက်လာသည် ဟု သံသယရှိသူ၊ အခြားအရပ်မှ ရောက်လာ သူဆိုလျှင် အာဏာပိုင်များထံ သတင်းပေး ရမည်ဟု ပြောကြားထားသည်။ မိမိနေထိုင် သည့် ရပ်ကွက်အတွင်း၌ ဟူဘေးပြည်နယ် မှတ်ပုံတင်နှင့် မော်တော်ယာဉ်တစ်စီးကို တွေ့မြင်ခဲ့ကြောင်း Zhao က ပြောကြားသည်။

‘‘ကားပိုင်ရှင် ဘယ်သူလဲဆိုတာကို အားလုံးက ရှာဖွေနေကြပါတယ်’’ ဟု Zhao က ပြောသည်။

အချို့ဒေသများတွင် မိမိတို့ အိမ်နီးချင်း များနှင့်ပတ်သက်၍ သတင်းများ ပေးပို့ရန် ငွေကြေးပေးပြီး သတင်းစုံစမ်းနိုင်မှုများ ရှိ နေသည်။ တစ်ချိန်တုန်းက Zhejiang ရှိ လမ်းမများ၊ ပန်းခြံများတွင် ရာသီမရွေး လူ ရှုပ်ထွေး ပြည့်ကျပ်နေသည်။ လူများ လမ်းမ ပေါ်တွင် ပျားပန်းခတ်မျှ ရှုပ်နေသည်။ စကား ပြောသူပြော၊ ကသူက၊ ဖဲကစားသူ ကစား၊ ယခုတော့ လူတစ်ယောက်မျှ မမြင်တွေ့ရ။

ပေကျင်းမြို့ အနောက်မြောက်အရပ် တွင် နေထိုင်သူ Zhu အမည်ရှိ အမယ်အို တစ်ဦးဆိုလျှင် စားသောက်ကုန်များကို ပြင်ပ မှ ဝယ်ယူစားသောက်ခြင်းမရှိပေ။ အိမ်နီး ချင်းများသည် ပြင်ပသို့ မထွက်ဘဲ နေအိမ် တံခါးဝသို့ လာပို့သော ကုန်စိမ်းတွေ၊ စား သောက်ကုန်တွေကို စားသောက်နေကြ သည်။ အသက် ၈၄ နှစ်ရှိ Zhu သည် တစ် ချိန်က အစိုးရဝန်ထမ်းဟောင်းဖြစ်သည်။ သူမအနေဖြင့် မည်သူနှင့်မျှ အဆက်အဆံ မလုပ်။ စားသောက်စရာများကိုလည်း မ ဝယ်။ ဇန်နဝါရီလ နှစ်သစ်ကူးကာလက တည်းက စားသောက်စရာများကို ဝယ်ယူ သိုလှောင်ထားပြီးဖြစ်သဖြင့် သူ့အနေဖြင့် စားသောက်စရာ လုံလုံလောက်လောက် ရှိ နေသည်။ ‘‘တစ်လစာ ဖူလုံနေတယ်’’ဟု Zhu က ပြောကြားသည်။

တရုတ်အာဏာပိုင်များသည် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် လူထောင်ချီပြီး သေဆုံး ခြင်း၊ ကူးစက်ခံရသူ သောင်းချီပြီး ပျံ့နှံ့ခြင်း တို့ကြောင့် ပြည်သူများ၏ မကျေနပ်မှုများကို ရင်ဆိုင်နေရသည်။ အထူးသဖြင့် ပြီးခဲ့သည့် ရက်သတ္တပတ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံရပြီး မျက်စိကုဆရာဝန် လီဝေလျန် သေဆုံး ခဲ့ရခြင်းနှင့်ပတ်သက်၍ ပြည်သူများ၏ မ ကျေနပ်မှု ပိုမြင့်တက်လာသည်။ ဆရာဝန် လီသည် ၂၀၁၉ ဒီဇင်ဘာလကတည်းက ဗိုင်း ရပ်စ်ပျံ့နှံ့မှုရှိနိုင်ကြောင်း လုပ်ဖော်ကိုင်ဖက် ဆရာဝန်များကို သတိပေးပြောကြားခဲ့သည်။ သို့သော် တရုတ်ရဲတပ်ဖွဲ့ဝင်များက ဆရာဝန် လီကို မဟုတ်မှန်ပြောကြားခြင်းများ မပြုရန် တားမြစ်မှုများ ပြုလုပ်ခဲ့သည်။

လီသေဆုံးခြင်းနှင့် ပတ်သက်၍လည်း ကွဲလွဲချက်များ ရှိနေသည်။ တရုတ် အာဏာ ပိုင်များက လီသည် ဖေဖော်ဝါရီ ၇ ရက် သောကြာနေ့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးခတ် ခံရပြီး သေဆုံးခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့  သည်။ အသက် ၃၄ နှစ်အရွယ်ရှိ ဆရာဝန် လီက ၂၀၀၃ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းလုံး ပျံ့နှံ့ခဲ့သော SARS နှင့် အလားတူသော ဗိုင်း ရပ်စ်ကူးစက်ခံရသူ လူနာခုနစ်ဦး တွေ့ရှိခဲ့ ကြောင်းကို လုပ်ဖော်ကိုင်ဖက် ဆရာဝန်များ ကို  chat group မှတစ်ဆင့် အသိပေးခဲ့သလို ဆရာဝန်များအနေဖြင့် ဗိုင်းရပ်စ် ကူးစက်မခံ ရအောင် အကာအကွယ်ဝတ်စုံများ ဝတ်ဆင် ကြဖို့ အသိပေးခဲ့သည်။ ထိုကဲ့သို့ သတိပေးမှု များ ပြုလုပ်ပြီး လေးရက်အကြာတွင် ပြည်သူ့ လုံခြုံရေး ဗျူရိုမှနေ၍ လီကို ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ပြည်သူလူထု အထိတ် တလန့်ဖြစ်စေသည့် အမှန်ပြောဆိုဝေဖန်မှု များ သူ့အနေဖြင့် ပြုလုပ်ခဲ့ကြောင်း ဝန်ခံကတိပြုသည့် စာတစ်စောင်ရေးသားခဲ့ သည်။ လီနှင့်အတူ လုပ်ဖော်ကိုင်ဖက်ရှစ်ဦး ကိုလည်း မမှန်သတင်းများ ဖြန့်ချိမှုဖြင့် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့သေးသည်။

ဆရာဝန် လီ သေဆုံးသည့် သတင်း ထွက်ပေါ်ပြီသည့်နောက်တွင် လူမှုမီဒီယာ များမှနေ၍ ဝမ်းနည်းကြေကွဲမှု သတင်းများ ထွက်ပေါ်လာသလို တရုတ်အာဏာပိုင်များ အပေါ် မကျေနပ်သည့် ဝေဖန်ချက်များ လည်း ထွက်ပေါ်လာသည်။ ‘‘ဝူဟန်အစိုးရ အာဏာပိုင်များသည် လီဆရာဝန်ကို တောင်းပန်ရမည်’’၊ ‘‘ငါတို့ လွတ်လပ်စွာ ပြောဆိုခွင့် အလိုရှိသည်’’ဆိုသော ပို့စ်များ ဝက်ဘ်ဆိုက်တွင် တတ်လာသည်။ ဆရာဝန် လီ သေဆုံးရခြင်းသည် တရုတ်နိုင်ငံအတွက် နှလုံးကြေကွဲဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ကြောင်း၊ ယခုလို ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူအမြောက် အမြား သေဆုံးရခြင်းနှင့် လူသောင်းချီ ဗိုင်း ရပ်စ် ကူးစက်ခံရခြင်းမှာ တရုတ်နိုင်ငံရေး ကပ်ဘေးတစ်ခု ဆိုက်ရောက်ခြင်းဖြစ် ကြောင်း ဝေဖန်ချက်များလည်း ထွက်ပေါ် လာခဲ့သည်။

ဆရာဝန်လီသည် တရုတ် ပြည်သူလူထု ၏ သူရဲကောင်းတစ်ဦးဖြစ်လာသည်။ လွတ် လပ်စွာရေးသားပြောဆိုခွင့်များ ပိတ်ပင် ထားသော တရုတ်နိုင်ငံတွင် အစိုးရပိုင် သတင်းစာများက ထုတ်ပြန်ချက်များကိုသာ ပြည်သူလူထုက သိနေရသည်။ ကိုရိုဗိုင်း ရပ်စ်သည် တရုတ်ပြည်သူအားလုံးအတွက်  သာမက တစ်ကမ္ဘာလုံးအတွက်လည်း သေ ရေးရှင်ရေးပြဿနာတစ်ခုဖြစ်သည်။ ဗိုင်း ရပ်စ်ပျံ့နှံ့မှု ကြိုတင်သတိပေးခဲ့သည့် ဆရာ ဝန်လီ၏ သတိပေးချက်ကို ဥပေက္ခာပြုထား ခြင်း၊ အမှန်တရားကို ပြောကြားခြင်းအတွက် စွပ်စွဲပြစ်တင်ခံရခြင်းများ ရင်ဆိုင်ရရုံမျှ သာမက ဗိုင်းရပ်စ်ကျူးဆက်ခံရပြီး သေဆုံး ခဲ့ခြင်းတို့ကြောင့် အစိုးရအပေါ် ယုံကြည်မှု မရှိသော ပြည်သူများသည် လူမှုမီဒီယာမှ နေ၍ လူသားတစ်ယောက်၏ ကိုယ်ပိုင် လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ပြောဆိုခွင့် များကို ဖော်ထုတ်လာကြခြင်းဖြစ်သည်။ ဆရာဝန်လီ၏ ပြောကြားချက်ကို အလေး အနက် မထားဘဲရှိခဲ့ခြင်းကြောင့် ပြည်သူ လူထုကြီးတစ်ရပ်လုံးနှင့် သက်ဆိုင်သည့် ရောဂါဘယပြဿနာရပ်တစ်ခုအဖြစ်သို့ ရောက်ရှိလာခဲ့သည်က တရုတ်အာဏာပိုင် များ၏ လုပ်ကိုင်ပုံမှားယွင်းမှုပင်ဖြစ်သည်။

တရုတ်သမ္မတ ရှီကျင်ပင်းနှင့် တရုတ် ကွန်မြူနစ်ပါတီက ပြည်သူလူထု၏ အသက် အန္တရာယ်ကို တားဆီးကာကွယ်ရန်အတွက် ဗိုင်းရပ်စ်မပျံ့နှံ့အောင် အလုံးအရင်းနှင့် လုပ် ဆောင်နေကြောင်း ၀ါဒဖြန့်ချိခဲ့သည်။ ပြည်သူ လူထုတစ်ရပ်လုံးအနေဖြင့် အစိုးရ၏ ညွှန် ကြားချက်များ အပြည့်အဝလိုက်နာစေရန် အတွက် လူမှုမီဒီယာမှနေ၍ ထွက်ပေါ်နေ သည့် သတင်းများကို မပျံ့နှံ့ပိတ်ပင်မှုများ ပြုလုပ်နေကြောင်း ဟောင်ကောင် Baptist University မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ ပီယံ ကာဘတ်စတန်က မှတ်ချက်ချသည်။

ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့နေချိန်ကာ လတွင် တရုတ်အာဏာပိုင်များသည် တုံ့ပြန် မှုနှေးကွေးနေခြင်းအပေါ် သူတို့ အပြစ်ရှိသ ကဲ့သို့ ခံစားနေပြီး ယခုအချိန်ကျမှ လိုအပ် သည်ထက် ပိုပြီး သရုပ်ဆောင်ပြနေကြောင်း ပီယံကဘတ်စတန်က ဝေဖန်လိုက်သည်။

အချို့ကတော့ တရုတ်အာဏာပိုင်များ ၏ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင် ရွက်မှု မရှိကြပေ။

ဗိုင်းရပ်စ်ကူးစက်မှု တားဆီးရေး ကော် မတီက ဆိုင်များ ပိတ်ခိုင်းရန် ညွှန်ကြားထား သော်လည်း ပေကျင်းမြို့ရှိ စားသောက်ဆိုင် ပိုင်ရှင်တစ်ယောက်ကမူ ဆိုင်မပိတ်ဘဲ ဖွင့် လှစ်နေသည်။

‘‘ကျွန်တော့်ဆိုင် မီးဖိုချောင်ကသန့်ရှင်း သလို တစ်ဆိုင်လုံးလည်း သန့်ရှင်းနေတယ်။ ဆိုင်ပိတ်လို့လည်း ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူး’’ ဟု ဆိုင်ပိုင်ရှင်က ပြောသည်။ တကယ်ကမ်းကျတော့ သူ့ဆိုင်တွင်စားသုံးသူ မရှိပေ။ သူ့အနေနှင့် ဆိုင်လခပေးရမည် ဖြစ် သဖြင့် ဆိုင်ပိတ်မထားနိုင်ကြောင်း ပြော သည်။ ယခုလို အခြေအနေမျိုး ကြာရှည် ဖြစ်နေမည်ကို သူ့အနေဖြင့် လုံးဝ မလိုလား ကြောင်း ဆိုင်ရှင်က ပြောပြသည်။

 

 

 

Most Read

Most Recent