မွန်ပြည်နယ်အစိုးရ၏ တင်ဒါလုပ်ငန်းများနှင့် ပတ်သက်ပြီး အဂတိတိုက်ဖျက်ရေး ကော်မရှင်သို့ တင်ပြစိစစ်သင့်ကြောင်း မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ပြောကြား

မွန်ပြည်နယ်အစိုးရ၏ တင်ဒါလုပ်ငန်းများနှင့် ပတ်သက်ပြီး အဂတိတိုက်ဖျက်ရေး ကော်မရှင်သို့ တင်ပြစိစစ်သင့်ကြောင်း မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 14 February 2020
ဘိုဘိုမြင့်

တင်ဒါလုပ်ငန်းများနှင့် ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တင်ပြစိစစ်သင့်ကြောင်း ဖေဖေါ်ဝါရီ ၁၃ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပဥ္စမနေ့) တွင် မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်က ပြောကြားသည်။

လွှတ်တော်အစည်းအဝေးအတွင်း ၎င်းမေးမြန်းခဲ့သည့် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတင်ဒါကိစ္စများ၏ ရွေးချယ်မှုမူဝါဒ အစီအမံများကို သိရှိလိုကြောင်း မေးခွန်းနှင့်ဆက်စပ်ပြီး ထပ်ဆင့်မေးခွန်း မေးမြန်းရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အတ္ထရံမြစ်ရေ ရေသန့်စင်စက်ရုံ တည်ဆောက်ရေး တင်ဒါလုပ်ငန်းနဲ့ ပတ်သက်လို့ စျေးနှုန်းအနည်းအများနဲ့ လုပ်ဆောင်တယ်ဆိုရင် တင်ဒါလျှောက်ထားခဲ့တဲ့ (WEG) ကုမ္ပဏီက သိန်းပေါင်း ၃၅၅၀ သက်သာပါတယ်။ လုပ်ငန်းအတွေ့အကြုံလည်း ရှိပါတယ်။ ဒါပေမဲ့ အဲဒီကုမ္ပဏီကို မရွေးချယ်ခဲ့ပါဘူး။ အဲဒါကြောင့် ကျပ်သိန်းပေါင်း ၃၅၅၀ ကို နိုင်ငံတော်က နစ်နာသွားတဲ့သဘော ဖြစ်ခဲ့ပါတယ်။ အရင်တုန်းက နိုင်ငံတော်သမ္မတရဲ့ တင်ဒါညွှန်ကြားချက် (၁/၂၀၁၇) ကိုလိုက်နာကြဖို့ ကျွန်တော်တို ့အစိုးရအဖွဲ့မှာ ရှိစဉ်က ဝန်ကြီးချုပ်ကိုယ်စား ဌာနအားလုံးကို စာထုတ်ခဲ့ပါတယ်။ အဲဒီမှာ ကျပ်သိန်း ၁၀၀ နဲ့အောက် လုပ်ငန်းတွေကို ဌာနကလုပ်နိုင်တယ်။ ကျပ်သိန်း ၁၀၀ နဲ့အထက်ဆိုရင် တင်ဒါခေါ်ယူဖို့ကိစ္စကို စည်ပင်ဌာန တစ်ခုကလွဲရင် ကျန်တဲ့ဌာနတွေက လိုက်နာပါတယ်” ဟု မော်လမြိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းထင်အေင်ဟန်က လွှတ်တော်အစည်းအဝေးအတွင်း ထပ်ဆင့်မေးခွန်း မေးမြန်းရာတွင် ထည့်သွင်းပြောကြားသည်။

၎င်းကဆက်လက်ပြီး “ဒါပေမဲ့ နောက်ပိုင်းမှာလည်း စည်ပင်ကလုပ်နေတဲ့ လုပ်ငန်းတွေမှာ ကျပ်သိန်း ၁၀၀ ကျော်တဲ့လုပ်ငန်းတွေ လုပ်ဆောင်နေတာကို ကျွန်တော်တို့ လက်တွေ့မြင်နေရပါတယ်။ အဲဒါတွေကို အစိုးရအနေနဲ့ ဘယ်လိုထိန်းကျောင်းမလဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီကိစ္စတွေကို အဂတိကော်မရှင်ထံ ပေးပို့ပြီးတော့ စစ်ဆေးဖို့သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ရေသန့်စင်စက်ရုံနဲ့ ပတ်သက်လို့ လွှတ်တော်ကို တိုင်ကြားထားတာလည်းရှိတယ်။ ဒါကို ဘယ်လိုဆောင်ရွက်မလဲဆိုတာ သိချင်ပါတယ်” ဟု ပြောကြားသည်။

အဆိုပါ ထပ်ဆင့်မေးခွန်းနှင့် ပတ်သက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနဝန်ကြီး ဦးဝဏ္ဏကျော်က “လုပ်ငန်းသဘောသဘာဝအရ သော်လည်းကောင်း၊ နည်းပညာပိုင်းဆိုင်ရာအရ သော်လည်းကောင်း၊ တင်ဒါခေါ်ယူချိန် နီးကပ်၍ သော်လည်းကောင်း၊ သက်ဆိုင်ရာဌာနတွေက ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်တဲ့ လုပ်ငန်းအချို့ရှိပါတယ်။ ဒီလုပ်ငန်းအချို့ကိုလည်း သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးက သက်ဆိုင်ရာဌာနများကို အချိန်မီပြီးစီးရန်၊ အရည်အသွေးပြည့်မီစေရန် စိစစ်ဆောင်ရွက်လျက် ရှိပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

မွန်ပြည်နယ်အစိုးရအဖွဲ့က ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတင်ဒါကိစ္စများ၏ ရွေးချယ်မှု မူဝါဒ အစီအမံများကို သိရှိလိုကြောင်း မေးခွန်းမေးရသည့် ရည်ရွယ်ချက် သုံးချက်ရှိကြောင်း၊ ပထမအချက်မှာ တင်ဒါလုပ်ငန်းများသည် အဂတိနှင့် လာဘ်ပေး လာဘ်ယူကိစ္စ အများဆုံး ဖြစ်နိုင်သည့်နေရာ ဖြစ်သည့်အတွက်ကြောင့် တင်ဒါလုပ်ငန်း လုပ်ဆောင်သည့်အခါတွင် အဂတိနှင့် လာဘ်ပေးလာဘ်ယူ ကင်းစင်သော အစိုးရကောင်းတစ်ရပ် ဖြစ်စေရန်အတွက် ရည်ရွယ်ကြောင်း မေးခွန်းမေးမြန်းခဲ့သည့် မော်လမြိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်က လွှတ်တော်အစည်းအဝေးအပြီးတွင် မီဒီယာသမားများကို ပြောကြားခဲ့သည်။

၎င်းကဆက်လက်ပြီး “ဒုတိယအချက် အနေနဲ့ နိုင်ငံဘဏ္ဍာငွေတွေ အလေအလွင့် အနည်းဆုံး ဖြစ်စေဖို့အတွက်၊ ပြည်သူလူထုကနေ ပွင့်လင်းမြင်သာတဲ့ အုပ်ချုပ်ရေးအဖွဲ့အဖြစ် ယုံကြည်စိတ်ချလာစေဖို့၊ နောက်ပြီးတော့ ရွေးကောက်ပွဲကလည်း နီးလာပြီဖြစ်တဲ့ အတွက်ကြောင့် ဒီနည်းကလည်း ကျွန်တော်တို ့အစိုးရရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တဲ့ အတွက်ကြောင့်ပါ။ တတိယအချက် အနေနဲ့ တင်ဒါကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေကြရတဲ့ သက်ဆိုင်ရာ ဝန်ကြီးတွေအနေနဲ့ သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ သူတို့ရဲ့ အန္တရာယ်ကို ကာကွယ်စေလိုတဲ့ ရည်ရွယ်ရွယ်ချက်တွေနဲ့ မေးမြန်းခြင်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

“ရွေးကောက်ပွဲနီးရင် ကျွန်တော်တို့ ပိုထိတော့မှာ။ အဲဒီအခါကျရင် ဟုတ်တာတွေရော၊ မဟုတ်တာတွေရော အကုန်လုံး ကျွန်တော်တို့ကို စွပ်စွဲကြတော့မှာ။ ကျွန်တော်တို့ အစိုးရအဖွဲ့က ပွင့်လင်းမြင်သာစွာ မလုပ်ထားခဲ့ရင် ဥပမာ တင်ဒါကိစ္စနဲ့ ပတ်သက်လို့ ကုမ္ပဏီတွေက တိုင်စာတွေက လွှတ်တော်မှာ ပေးထားတာပါ။ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အစိုးရဖွဲ့ဝင် ဝန်ကြီးတွေရော အားလုံးကို ပေးထားတာ။ ဒါမျိုးကို နှုတ်ပိတ်နေနေရင် ကျွန်တော်တို့ပါ အလိုတူ အလိုပါတွေလား။ ကျွန်တော်ကတော့ အဲဒီလို အထင်မခံနိုင်ဘူး။ အဲဒါကြောင့် ကျွန်တော်တို့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဂုဏ်သိက္ခာ၊ ပြည်နယ်လွှတ်တော်ရဲ့ ဂုဏ်သိက္ခာ၊ ကျွန်တော်တို့ ပါတီရဲ့ ဂုဏ်သိက္ခာအတွက် ဒီလိုမေးခွန်းမျိုး မေးမြန်းရတာ ဖြစ်ပါတယ်” ဟု မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်က ပြောကြားသည်။

 

Most Read

Most Recent