ရှက်ဖီးယူနိုက်တက် - ဘုန်းမောက် (တနင်္ဂနွေည ၈:၃၀ နာရီ)
ဒီရာသီမှာ ရှက်ဖီးယူနိုက်တက်ရဲ့မယုံနိုင်စရာခြေစွမ်းကို ဆက်လက်မြင်နေရဆဲပါ။ ပဲလေ့စ်နဲ့ပွဲမှာလည်း အဝေးကွင်းမှာ နိုင်ပွဲယူနိုင်ခဲ့တယ်။ နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်းပွဲမှာ မန်စီးတီးကို ကပ်ရှုံးခဲ့ပေမယ့် ရှက်ဖီးယူနိုက်တက်ရဲ့ခြေစွမ်းက တော်တော်ကောင်းခဲ့ပါတယ်။ အခု အိမ်ကွင်းပွဲမှာ နိုင်ပွဲပြန်ရဖို့ကြိုးစားမှာဖြစ်ပြီး လက်ရှိဘုန်းမောက်ရဲ့ခြေစွမ်းနဲ့ ရလဒ်ကလည်း တက်လာလို့ ပွဲကောင်းဖြစ်လိမ့်မယ်။ ဒါပေမဲ့ ရှက်ဖီးနိုင်မှာပါ။
မန်စီးတီး - ဝက်စ်ဟမ်း (တနင်္ဂနွေည ၁၁:၀၀ နာရီ)
အီတီဟတ်မှာကစားမယ့်ပွဲဖြစ်ပြီး မန်စီးတီးက စပါးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲကနေ ရလဒ်ကောင်းနဲ့ ပြန်လာဖို့ ကြိုးစားလိမ့်မယ်လို့ မျှော်လင့်ရတယ်။ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ဒီရာသီအတွက် ပရီးမီးယားလိဂ်မှာ လက်လျှော့စကားဆိုခဲ့ပြီး ချန်ပီယံလိဂ်ကိုပဲ ပစ်မှတ်ထားတော့မယ်လို့ ဆိုနေပေမယ့် မန်စီးတီးလူစာရင်းက အလှည့်အပြောင်းလုပ်ကစားရင်တောင် တော်တော်လေးတောင့်တင်းနေပါသေးတယ်။ ဖိုဒန်၊ ဂျေးဇူး၊ ဘာနာဒိုဆေးလ်ဗားတို့က ပရီးမီးယားလိဂ်မှာ ပိုအခွင့်အရေးရလာနိုင်ပြီး ဒီကစားသမားတွေရဲ့အရည်အသွေးကလည်း ပြိုင်ဘက်အသင်းတွေ၊ ကစားသမားတွေထက် ပိုမြင့်ပါတယ်။ ဒါကြောင့် မန်စီးတီးကွင်းမှာ လာကစားမယ့် ဝက်စ်ဟမ်းအတွက် ခက်ခဲကြမ်းတမ်းဦးမှာသေချာတယ်။ ဝက်စ်ဟမ်းက ဒေးဗစ်မွိုက်စ်လက်ထက်မှာလည်း ရလဒ်ပိုင်းက ထင်သလောက်တက်မလာဘူး။ နောက်ဆုံးကစားခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲမှာ အနိုင်ရခဲ့သင့်ပေမယ့် ချေပဂိုးတွေပြန်ပေးရပြီး သရေပဲရခဲ့တယ်။ အသင်းရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေက တော်တော်ဆိုးရွားနေတာ တွေ့ရတယ်။ တန်းဆင်းဇုန်ထဲက အသင်းတစ်သင်းအနေနဲ့ အစွမ်းကုန်ကြိုးစားမှာ သေချာပေမယ့် ကြိုးစားတိုင်းလည်းဖြစ်မလာတတ်ဘူး။ အထူးသဖြင့် ဝက်စ်ဟမ်းရဲ့လက်ရှိခံစစ်၊ လက်ရှိခြေစွမ်းမျိုးနဲ့ မန်စီးတီးကွင်းမှာ ဂိုးပြတ်ရှုံးဖို့ များတယ်။