စီးရီးအေပွဲစဉ်(၂၃) ပွဲကြိုသုံးသပ်ချက်

စီးရီးအေပွဲစဉ်(၂၃) ပွဲကြိုသုံးသပ်ချက်
Published 8 February 2020

ဖီအိုရင်တီးနား နှင့် အတ္တလန်တာ (စနေည ၈း၃၀ နာရီ)

ကူထရိုနီ၊ ကူယာမီတို့လိုတိုက်စစ်ကစားသမားတွေကို အားဖြည့်ထားတဲ့ ဖီအိုရင်တီးနားကို စောင့်ကြည့်ရမယ်။ ဂျူဗင်တပ်စ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမယ့် ကစားပုံတိုးတက်မှုတွေ ရှိလာတယ်။ အတ္တလန်တာက နောက်ဆုံးပွဲမှာ ဂျီနိုအာရဲ့ တန်းဆင်းဇုန်ရုန်းအားထိခဲ့ပြီး အမှတ်လျော့ခဲ့လို့ နစ်နာခဲ့ရပေမယ့် အဝေးကွင်းနောက်ဆုံး (၁၇)ပွဲမှာ (၁၆)ပွဲအထိ မရှုံးအောင် ကစားနိုင်ခဲ့လို့ ဒီပွဲမှာလည်း အမှတ်ရမယ်ထင်တယ်။  

တိုရီနို နှင့် ဆမ်ဒိုးရီးယား (စနေည ၁၁း၃၀ နာရီ)

နှစ်သင်းစလုံး ရလဒ်ဆိုးတွေကြား နစ်မွန်းနေတယ်။ ဆမ်ဒိုးရီးယားဆိုရင် တန်းဆင်းဇုန်ရနံ့ကြား ရုန်းကန်နေရတဲ့အထိ ကျဆင်းနေတယ်။ စီးရီးအေနောက်ဆုံး(၂)ပွဲမှာ (၁၁)ဂိုးအထိ ပေးထားရပြီး တစ်ဂိုးမှမသွင်းနိုင်ခဲ့တဲ့ တိုရီနို အမှတ်ပြည့်ရဦး မယ်မထင်ဘူး။ သရေကျဖို့များပါတယ်။

ဗီရိုနာ နှင့် ဂျူဗင်တပ်စ် (တနင်္ဂနွေနံနက် ၂း၃၀ နာရီ)

ပယ်နယ်တီသွင်းဂိုးတွေနဲ့ အလုံးစုံမလွတ်ကင်းပေမယ့် စီရော်နယ်လ်ဒို ဂိုးတွေသွင်းယူနေတာဟာ ဂျူဗင်တပ်စ်ရဲ့ ရာသီ နှောင်းပိုင်းကာလမျှော်လင့်ချက်တွေအတွက် အားဆေးပါပဲ။ ရှုံးပွဲမရှိမှတ်တမ်း တဖြေးဖြေးရှည်ကြာလာတဲ့ ဗီရိုနာရဲ့ သန်မာမှု က  ဂျူဗင်တပ်စ်ရဲ့မျှော်လင့်ချက်ကို ပုံပျက်စေနိုင်ပေမယ့် မီလန်ဒါဘီနဲ့ ပွဲကျပ်နေတဲ့ အင်တာမီလန်ကို အမှတ်ထပ်ဖြတ်မယ့် ဂျူဗင်တပ်စ် အနိုင်ရပါလိမ့်မယ်။ ဂိုးတော့မပြတ်နိုင်ဘူး။