ပြည်တွင်းပြည်ပလေကြောင်းလိုင်းများ အနေဖြင့် တရုတ်နိုင်ငံရှိ လေဆိပ်များမှ မြန်မာနိုင်ငံရှိ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်များသို့ ပျံသန်းသည့် ခရီးစဉ်များတွင် ခရီးသည်များ ကို လေယာဉ်ပေါ်သို့ မတင်ဆောင်မီ ကိုယ်အပူချိန်တိုင်းတာ၍ ကိုယ်အပူချိန်မြင့်တက် ဖျားနာမှုရှိသည့် ခရီးသည်များကို တင်ဆောင်လာခြင်းမပြုရန် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားချက်ထုတ် ပြန်ထားကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန် ကြီးဌာန လေကြောင်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနသည် လေကြောင်းခရီးသွားလာမှုများမှတစ်ဆင့် 2019 Corona Virus (2019-nCov) epidemic ရောဂါ မြန်မာနိုင်ငံအတွင်းသို့ ကူးစက်ဝင်ရောက်မှုမရှိစေရန် သက်ဆိုင်ရာကျန်းမာရေးအဖွဲ့အစည်းများက တားဆီးကာကွယ်ရေးအစီအမံများ ကို အပြည်ပြည်ဆိုင်ရာလေဆိပ်များဖြစ်သည့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်လေဆိပ်များတွင် ဆောင်ရွက်နေခြင်းဖြစ်သည်။
“အပြည်ပြည်ဆိုင်ရာလေဆိပ်တွေမှာ Exit Screening ပြုလုပ်ဖို့အတွက် WHO က တရုတ်နိုင်ငံကို အကြံပြုထားတယ်လို့ သိ ရပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း လေကြောင်းခရီးသွားလာမှုတွေကတစ်ဆင့် ဒီပြင်းထန်အဆုတ်ရောင်ရောဂါကူးစက်မှု မရှိ စေဖို့အတွက် တရုတ်နိုင်ငံလေဆိပ်တွေက နေ မြန်မာနိုင်ငံကိုပျံသန်းတဲ့ ပြည်တွင်းပြည်ပ လေကြောင်းလိုင်းတွေရဲ့ ခရီးစဉ်တွေမှာ ခရီး သည်တွေကို လေယာဉ်ပေါ်မတင်ခင် ကိုယ်အပူချိန်တိုင်းတာပြီး အပူချိန်မြင့်တက်ပြီး ဖျားနာနေတဲ့ ခရီးသည်တွေကို လေယာဉ်ပေါ်တင်ဆောင်လာခြင်းမရှိစေဖို့ ညွှန်ကြား ချက်ထုတ်ပြန်ထားပါတယ်”ဟု လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။
လက်ရှိတရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဖြစ်ပွားလျက်ရှိသည့် ကူးစက်မြန် ကိုရိုနာဗိုင်း ရပ်စ်ရောဂါ မြန်မာပြည်တွင်းသို့ ရောက်ရှိလာပြီး အများပြည်သူကူးစက်ခြင်းမှ ကာကွယ်နိုင်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာနက တရုတ်နိုင်ငံသို့ ပျံသန်း နေသည့် ပြည်တွင်းလေကြောင်းလိုင်းများ ဖြစ်သည့် မြန်မာအမျိုးသားလေကြောင်း လိုင်း (MNA) နှင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) ၏ စင်းလုံးငှားခရီးစဉ်များအား ရပ်နားထားရန် ထုတ်ပြန်ထားပြီးဖြစ်သည်။
ယင်းအပြင် ICAO မှ Electronic Bulletin မှထုတ်ပြန်ကာ အဖွဲ့ဝင်နိုင်ငံများ သို့ ဖြန့်ဝေထားပြီး လေကြောင်းဦးစီးဌာနအနေဖြင့် မိမိနိုင်ငံအတွင်းသို့ ပျံသန်းနေသည့် လေယာဉ်ပေါ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ သံသယဖြစ်ဖွယ်ခရီးသည် ပါလာပါ က လေယာဉ်မှူးအနေဖြင့် Air Traffic Control Tower သို့ ကြိုတင်အကြောင်းကြားထားရှိရန် ပြည်တွင်း ပြည်ပပြေးဆွဲနေသည့် လေကြောင်းလိုင်းများအား NOTOM ထုတ်ပြန်ထားကြောင်း သိရသည်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှ အစပြုလျက် ကူးစက်ပျံ့ပွားနေသည့် ရောဂါပိုးအသစ် Novel Corona Virus လက်ရှိဖြစ်ပွားနေသောအခြေအနေကို ထိန်းချုပ်ရာတွင် အ ထောက်အကူပြုရန်နှင့် အာဏာပိုင်များ၏ လိုအပ်ချက်များကို လိုက်နာဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းသည် တရုတ်နိုင်ငံသို့ ပျံသန်းနေသည့် စင်းလုံးငှား ခရီးစဉ်များအားလုံးကို ၂၀၂၀ ဇန်နဝါရီ ၃၁ ရက်မှစတင်ကာ နောက်ထပ်မထုတ်ပြန်မီအထိ ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းသည် တရုတ်နိုင်ငံ မြို့ကြီးများဖြစ်သည့် Hangzhou ၊ Hefei ၊Jinan၊Jinijang ၊Linyi ၊Nanchang ၊Nanjing ၊Ningbo ၊Qingdao နှင့် မြို့ ၁၀ မြို့သို့ ပျံသန်းနေသည့် (အသွား၊ အပြန်) စင်းလုံးငှားခရီးစဉ်များ အားလုံးကို ရပ်ဆိုင်းသွားမည်ဖြစ်သည်။
(MAI) အနေဖြင့် ယင်းသို့ စင်းလုံးငှား ခရီးစဉ် ပျံသန်းမှုများကို ယာယီရပ်ဆိုင်းမှု အပြင် ပုံမှန်ခရီးစဉ်အဖြစ်ပျံသန်းနေသည့် ရန်ကုန်-ကွမ်ကျိုးတိုက်ရိုက်ခရီးစဉ်ကိုလည်း ဖေဖော်ဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၂၉ ရက် အထိ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ယင်းအပြင် လေကြောင်းဦးစီးဌာနက လေကြောင်းလိုင်းများအား သက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းများက ဖြန့်ဝေထားသည့် Health Declaration Form များကို ခရီးသည်များ ကြိုတင်ဖြည့်စွက်နိုင်ရန်အတွက် ကူညီဆောင်ရွက်လုပ်ဆောင်ရန် ထပ်ဆင့်အကြောင်းကြားထားကြောင်း သိရသည်။















