ထောင်ဒဏ်ခုနှစ်နှစ်ချမှတ်ခံထားရသော အဆိုတော်အစ္စဏီအမှု အရှေ့ပိုင်းခရိုင် တရားရုံး၌ အယူခံဝင်ထားကြောင်း ဖေဖော်ဝါ ရီ ၃ ရက်တွင် အဆိုတော်အစ္စဏီ၏ ရှေ့နေက The Daily Eleven သတင်းစာသို့ ပြောကြားသည်။
“သောကြာနေ့ (၃၁ ရက်)က အယူခံဝင်လိုက်တာ။ အရှေ့ပိုင်းခရိုင်တရားရုံးမှာ ဝင်လိုက်တာပါ။ ကျွန်တော်တို့ကတော့ကြားနာဖို့တာဝန်ပဲရှိတယ်။ တရားရုံးကတော့အမိန့်တစ်ခုချပေးရမှာပေါ့။ ချိန်းတာက အဲဒီနေ့က ကျွန်တော်မသွားလို့သိပ်တော့မသိဘူး။ ဒါပေမယ့် နှစ်ပတ်သုံးပတ် အဲဒီလောက်ပါပဲ။ အဲဒီအတွက်လျှောက်လဲချက်ပေး၊ ပြီးရင် အမိန့်ချဖို့ အဲဒီလောက်ပါပဲ။ တရားလိုဘက်ကိုလည်း သမ္မန်စာတွေဆင့်ဦးမှာပေါ့။ အယူခံတက်တဲ့အပေါ်မှာ သဘောထားမှတ်ချက် ဘယ်လိုရှိလဲဆိုတာတွေ တောင်းခံရဦးမှာပေါ့”ဟု အဆိုတော်အစ္စဏီ၏ရှေ့နေဦး ကျော်ဇင်ဦးက ပြောကြားသည်။
အဆိုတော်အစ္စဏီအနေဖြင့်အမှုအား နှစ်နှစ်နီးပါး ရင်ဆိုင်ခဲ့ရပြီး ဇန်နဝါရီ ၇ ရက်က တာမွေမြို့နယ်တရားရုံးက ထောင်ဒဏ် ခုနစ် နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။
ထောင်ဒဏ်ချမှတ်ခြင်းအပေါ်တရားလိုမော်ဒယ်စူးရှထက်၏ရှေ့နေ ဦးရောဘတ် စန်းအောင်က အမှုရုပ်သိမ်းလွှာတင်ခဲ့သော်လည်း ယခုကဲ့သို့ အမြင့်ဆုံးထောင်ဒဏ်ချမှတ်ခဲ့ခြင်းအပေါ် ဝမ်းနည်းမိကြောင်း၊ အဆိုတော် အစ္စဏီ၏ မိခင်သည် အသက်အရွယ်ကြီးပြီဖြစ်၍ ကျန်းမာရေးအတွက် စိုးရိမ်မိကြောင်း ပြောကြားသည်။
တရားလိုမော်ဒယ်စူးရှထက်မှ အမှုရုတ် သိမ်းလွှာတင်ခဲ့သည့်အပေါ် တာမွေမြို့နယ် တရားရုံးသတင်းပြန်ကြားရေးအရာရှိ ဦးဝင်းဇော်ဦးက တရားရုံးသို့ တရားလိုစူးရှထက် တင်ထားသည်စာသည် ကြေအေးလွှာဟု သတ်မှတ်၍မရသည့်အပြင် ရုပ်သိမ်းခွင့်ကျ လောက်သည်အထိ တင်ထားသည့်စာမျိုး မဟုတ်ကြောင်း ပြောကြားခဲ့သည်။
လူတစ်ယောက်နစ်နာစေချင်သည့် စိတ်ဖြင့် ချမှတ်လိုက်ခြင်းမဟုတ်ဘဲ သင့်တော်သည့် ပြစ်ဒဏ် မျိုးကိုသာ ချမှတ်လိုက်ကြောင်း၊ အဆိုတော်အစ္စဏီကို စွဲဆိုထားသည့်ပုဒ်မသည် အာမခံပေး၍မရသည့် ပုဒ်မဖြစ်ကြောင်း တာမွေမြို့နယ်တရားရုံး သတင်းပြန်ကြားရေး အရာရှိက ပြောကြားသည်။
တရားရုံးမှ ချမှတ်ထားသည့်အမိန့်ကို လုံးလုံးလျားလျား လက်မခံ၍ အယူခံတက် မည်ဖြစ်ပြီး ပြစ်ဒဏ်လျှော့ပေါ့ရန်အတွက် တက်ခြင်းမဟုတ်ကြောင်း အစ္စဏီရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေဦးကျော်ဇင်ဦးက ပြောကြားထားသည်။
ထို့နောက်မူလရုံးတော်၏ စီရင်ပိုင်ခွင့်အရ ဆုံးဖြတ်ချက်ပေါ်တွင် မိမိတို့အနေဖြင့် စောဒကတက်ပိုင်ခွင့်မရှိကြောင်း၊ ချမှတ်ထားသည့်အမိန့်သည် ပြင်းထန်သည်ဟု မြင်နေလျှင်တောင် လျှော့ပေါ့ပေးရန် တင်ပြပိုင်ခွင့်ရှိကြောင်း၊ သို့သော်မိမိတို့သည် လျော့ပေါ့ပေးရန် အယူခံတက်မည်မဟုတ်ဘဲ အမှုအမှန်တရားကို ခရိုင်အဆင့်ရုံးတော်မှ ထင်ရှားဆုံး ဖြတ်နိုင်ရန်အတွက်သာ အယူခံတက်မည်ဖြစ်ကြောင်း အစ္စဏီ၏ရှေ့နေက ဆက်လက်ပြောကြားသည်။
အဆိုတော် အစ္စဏီကို တရားစွဲဆိုထားမှု အပေါ် တရားလို မော်ဒယ်စူးရှထက်က သြဂုတ် ၅ ရက်တွင် တာမွေမြို့နယ်တရားရုံး၌ အမှုရုပ်သိမ်းလွှာတင်ခဲ့သည်။
အဆိုတော်အစ္စဏီကို ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ်တရားရုံး တွဲဖက်မြို့နယ်တရားသူကြီး(၁)တရားခွင်၌ ရာဇသတ် ကြီးဥပဒေပုဒ်မ ၃၇၆၊ ၃၂၄၊ ၃၂၃ တို့ဖြင့် ၂၀၁၈ ခုနှစ် မေလအတွင်းက တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။















