ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၇၆ ဘီလျံကျော် ဝင်ရောက်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂ ဒသမ ၃၇ ဘီလျံကျော် လျော့နည်းကာ သိသာစွာကျဆင်း

ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၇၆ ဘီလျံကျော် ဝင်ရောက်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂ ဒသမ ၃၇ ဘီလျံကျော် လျော့နည်းကာ သိသာစွာကျဆင်း
Published 15 October 2018
နီလာ

၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာအထိ ခြောက်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၁ ဒသမ ၇၆ ဘီလျံကျော် ဝင်ရောက်ခဲ့ပြီး လျာထားချက်ထက် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံနီးပါး လျော့ကျခဲ့ကြောင်း၊ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂ ဒသမ ၃၇ ဘီလျံကျော် လျော့ကျနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာအထိ ကြားကာလခြောက်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသုံးဘီလျံအထိ ဝင်ရောက်ရန် လျာထားခဲ့ကြောင်း၊ ခြောက်လကုန်ဆုံးချိန်အထိ ဒေါ်လာ ၁ ဒသမ ၇၆ ဘီလျံကျော်သာ ဝင်ရောက်ခဲ့သဖြင့် လျာထားချက်ထက် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံနီးပါး လျော့ကျခဲ့ခြင်းဖြစ်သည်။

အဆိုပါ ခြောက်လအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို လေ့လာကြည့်ပါက ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ ၇၀၆ ဒသမ ၆၇၇ သန်းဖြင့် အများဆုံး ဝင်ရောက်ထားသည်။ ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ဒေါ်လာ ၃၁၄ ဒသမ ၁၅၈ သန်းဖြင့် ဒုတိယ အများဆုံး ဝင်ရောက်ထားသည်။

အိမ်ခြံမြေကဏ္ဍတွင် ဒေါ်လာ ၂၈၀ ဒသမ ၃၈၀ သန်းဖြင့် တတိယအများဆုံး ဝင်ရောက်သည့်ကဏ္ဍဖြစ်ပြီး အခြားကဏ္ဍတွင် ဒေါ်လာ ၂၇၇ ဒသမ ၁၈၄ သန်းဖြင့် စတုတ္ထ အများဆုံး ဝင်ရောက်ထားကြောင်း သိရသည်။

“သာမန်တွက်ရင် ဘဏ္ဍာနှစ်ကြီးပေါ့။ ကြားကာလခြောက်လကို သုံးဘီလျံတွက်ထားတာ။ ဒီနေရာမှာပြောစရာက အားလုံးသိတဲ့အတိုင်းပဲ နိုင်ငံတကာ တချို့လွဲမှားနေတဲ့အမြင်တွေ ဒါကတစ်ချက်၊ ဒီခြောက်လလုံးလုံးက မိုးတွင်းကာလဖြစ်သွားတော့၊ ဒီဘက်ခြောက်လနဲ့ ဟိုဘက်ခြောက်လမှာက Construction လုပ်ရတာတို့ Investment ဝင်ရတာတို့ ရှိတာပေါ့” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။

၂၀၁၈ ခုနှစ် ခြောက်လတာကာလနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ခြောက်လအတွင်း ဝင်ရောက်သည့် ရင်းနှီးမြှုပ်နှံမှုပမာဏကို နှိုင်းယှဉ်ကြည့်ပါက ဒေါ်လာ ၂ ဒသမ ၃၇၂ သန်းအထိ လျော့ကျနေသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် စက်တင်ဘာလကုန်အထိ ဒေါ်လာ ၄၁၃၇ ဒသမ ၀၁၃ သန်းအထိ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကာလအတွင်းတွင်လည်း ကုန်ထုတ်လုပ်မှု လုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၁၄၅၀ ဒသမ ၉၆၀ သန်းဖြင့် အများဆုံးဖြစ်ကာ အိမ်ခြံမြေကဏ္ဍတွင် ဒေါ်လာ တစ်ဘီလျံကျော်ဖြင့် ဒုတိယအများဆုံး ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ဒေါ်လာစျေးမြင့်တက်နေသည့်အပြင် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု ကျဆင်းနေသည့်အတွက် လာမည့်ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရန် လျာထားချက်ကို အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလျံအဖြစ် သတ်မှတ်ကာ ယခင်နှစ်ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရန် လျာထားချက်များထက် လျော့ကျခဲ့ကြောင်း သိရသည်။

“လာမယ့်ဘတ်ဂျက်ကြီးမှာတော့ ၅ ဒသမ ၈ လောက်မှန်းတယ်။ ဒါက လာမယ့်ဘဏ္ဍာနှစ်ပေါ့ ဒါကိုတည်ပြုဖို့လုပ်နေတယ်။ Global Investment trend ကကျနေတယ် ကျွန်တော်တို့က ဒီအချိန်မှာ ဒေါ်လာကလည်း ရင်းနှီးမြှုပ်နှံသူတွေအတွက် အခက်အခဲလည်း ရှိတာက ဒီဘက်မိုးတွင်းခြောက်လကတော့ နည်းမှာပဲ” ဟု ဦးသန်းအောင်ကျော်က ပြောကြားသည်။