၂၀၁၉ ခုနှစ်အတွင်း ခွေးကိုက်ခံရသူ ၇၀၀၀ ခန့်အား ပဲခူးပြည်သူ့ဆေးရုံကြီးတွင် ခွေးရူးပြန်ကာကွယ်ဆေး ထိုးပေးခဲ့ရ

၂၀၁၉ ခုနှစ်အတွင်း ခွေးကိုက်ခံရသူ ၇၀၀၀ ခန့်အား ပဲခူးပြည်သူ့ဆေးရုံကြီးတွင် ခွေးရူးပြန်ကာကွယ်ဆေး ထိုးပေးခဲ့ရ
ပဲခူးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးကို တွေ့ရစဉ်
ပဲခူးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးကို တွေ့ရစဉ်
Published 9 January 2020
မောင်အေး



၂၀၁၉ ခုနှစ်အတွင်း ခွေးကိုက်ခံရသူ ၇၀၀၀ ခန့်အား ပဲခူးမြို့ ခုတင် ၅၀၀ ပြည်သူ့ဆေးရုံကြီးတွင် ခွေးရူးပြန်ရောဂါကာကွယ်ဆေး ထိုးပေးခဲ့ရကြောင်း ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က ပြောကြားသည်။

ပဲခူးခရိုင်အတွင်းရှိ တိုက်နယ်ဆေးရုံများတွင် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးများ လုံးဝပြတ်ေတောက်သွားခြင်း၊ တောရွာနှင့်မြို့ပေါ်ရပ်ကွက်များတွင် ခွေးလေခွေးလွင့်များ ပေါများလာခြင်းတို့ကြောင့် ခွေးကိုက်ခံရသူများ ပြားလာပြီး ၂၀၁၉ ခုနှစ်အတွင်း ခွေးကိုက်ခံရ၍ ခွေးရူးပြန်ကာကွယ်ဆေး လာရောက်ထိုးနှံသူ ၆၉၈၉ ဦးရှိ၍ ဆေးထိုးပေးခဲ့သည့်အကြိမ်ရေ ၂၃၂၄၃ ကြိမ်ရှိကာ ဆေးအလုံးရေ ၁၁၆၇၆ လုံး အသုံးပြုခဲ့ရကြောင်း သိရသည်။

“ခွေးကိုက်ခံရလို့ ရောက်လာတဲ့သူကို ခွေးရူးပြန်ကာကွယ်ဆေးက လေးကြိမ်ထိုးပေးရပါတယ်။ တချို့လည်း သုံးကြိမ်ထိုးကြတယ်။ ၂၀၁၈ နိုဝင်ဘာလလောက်ကစပြီး ခွေးကိုက်ခံရတဲ့ဦးရေက တဖြည်းဖြည်း များပြားလာတယ်။ ကျွန်တော် မြို့နယ်စည်ပင်သာယာရေး ကော်မတီတွေနဲ့တိုင်ပင်ပြီး နည်းလမ်းရှာတဲ့အခါ ခွေးလေခွေးလွင့်တွေကိုလည်း စည်ပင်က နည်းမျိုးစုံသုံးပြီး ရှင်းလင်းတယ်ဆိုတာ သိရတယ်။ ၂၀၁၉ ဇွန်လလောက်ကစပြီး ခွေးကိုက်ခံရတဲ့ဦးရေ ပြန်ကျသွားတယ်။ ဒါပေမဲ့ ၂၀၁၈ နဲ့နှိုင်းမယ်ဆို ၂၀၁၉ မှာ ပိုများခဲ့တယ်။ တစ်နှစ်လုံး စာရင်းအရဆို ဆေးရုံကြီးမှာ ဆေးလာထိုးသူ ၆၉၈၉ ယောက်ရှိခဲ့တယ်။ ၇၀၀၀ နီးပါးပေါ့။ ၂၀၁၉ လေးလပိုင်းကဆို လူနာအသစ်ဦးရေ တစ်နေ့ကို ပျမ်းမျှ ၃၀ လောက်ထိုးပေးရတယ်။ တစ်ယောက်ကို လေးကြိမ်ဆိုတော့ အသစ်ရောအဟောင်းရော နေ့တိုင်းပေါင်းထိုးပေးခဲ့ရတယ်။ အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ ထိုးပေးရတယ်။ ဆေးရုံကြီးမှာတော့ ဆေးတစ်လုံးကို နှစ်ယောက်ထိုးပေးလို့ရတယ်။ အသစ်ရောအဟောင်းပါ ဆေး၂၃၂၄၃ ကြိမ်ကို ဆေးအလုံးပေါင်း ၁၁၆၇၆ လုံးပဲ အသုံးပြုခဲ့ရတယ်။ ဆေးပြတ်သွားတယ်ဆိုတာ မရှိအောင် အလှူရှင်တွေနဲ့တိုင်ပင်ပြီး အားလုံးစီစဉ်ထားတယ်။ အခုနောက်ပိုင်းမှာတော့ ပထမဆုံးအကြိမ်ကို ဆေးရုံကြီးက အခမဲ့ထိုးပေးပြီး ကျန်တဲ့အကြိမ်တွေကို စျေးနှုန်းမှန်တဲ့ ဆေးဆိုင်တွေက ဝယ်ထိုးပေးဖို့ ချိတ်ဆက်ဆောင်ရွက်ပေးထားပါတယ်။ လုံးဝမတတ်နိုင်တဲ့သူတွေကိုလည်း ဆေးရုံကြီးက အခမဲ့ လေးကြိမ်လုံး ထိုးပေးပါတယ်” ဟု ဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်မောင်က ပြောကြားသည်။

ထို့ပြင်၂၀၁၉ ခုနှစ်အတွင်း ခွေးကိုက်ခံရနှုန်း များပြား၍ ခွေးရူးပြန်ကာကွယ်ဆေးအတွက် အခက်အခဲများလည်း ဖြစ်ပေါ်ပြီး ပဲခူးမြို့နယ်အတွင်းရှိ ခွေးလေခွေးလွင့်များကို အဆိပ်ချခြင်း၊ သန္ဓေတားဆေးထိုးခြင်း စသည့်နည်းများနှင့် ရှင်းလင်းရာတွင်လည်း ခွေးချစ်သူများက ကန့်ကွက်ခြင်း၊ ရန်ပုံငွေခက်ခဲခြင်း စသည့်အခက်အခဲများလည်း ရင်ဆိုင်ကြုံတွေ့ရကြောင်း သိရသည်။    

Most Read

Most Recent