ရန်ကုန်-မန္တလေး အမြန်လမ်းဘေးအနီးတွင် ကြေးခေတ်၊ သံခေတ်လူရိုးစု ခုနစ်ခု၊ အရိုးပုတီးစေ့၊ ကျောက်ပုတီးစေ့နှင့် ကြေးမြားတို့ကို တူးဖော်တွေ့ရှိခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။
ကြေးခေတ်၊ သံခေတ် တူးဖော်တွေ့ရှိမှုကို ရန်ကုန်-မန္တလေး အမြန်လမ်းနံဘေး မိုင်တိုင်အမှတ် ၃၃၀ အရှေ့ဘက်ပေ ၁၅၀၀ အကွာတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများဖြင့် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် ပဒေါင်ကျေးရွာအုပ်စု မိုင်တိုင်အမှတ် ၃၃၀ အရှေ့ဘက် ပေ ၁၅၀၀ ခန့်အကွာနေရာ၌ ကြေးခေတ်၊ သံခေတ် တူးဖော်သုတေသန ပြုလုပ်လျက်ရှိကြောင်း သိရသည်။
တူးဖော်သုတေသန ပြုလုပ်ချက်များအရ ကြေးခေတ်၊ သံခေတ်မြှုပ်နှံမှုဓလေ့ တွေ့ရှိချက်များအတိုင်း မြှုပ်နှံထားသည့် လူအရိုးစု ခုနစ်ခုနှင့်အတူ အိုးများ၊ တိရစ္ဆာန်အရိုးဟု ယူဆရသော အရိုးများ၊ အရိုးပုတီးစေ့များ၊ ကျောက်ပုတီးစေ့၊ ယောက်သွားခွံတစ်ခုနှင့် ကြေးမြားသွားနှစ်ခုကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ တူးဖော်သုတေသန ပြုလုပ်သည့်နေရာအား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့သည် ဒီဇင်ဘာ ၁၈ ရက်တွင် သွားရောက်စစ်ဆေးကာ လိုအပ်သည်များ အကြံပြုဆွေးနွေးခြင်း၊ တူးဖော်သုတေသနပြုလျက်ရှိသည့် ဌာနအရာထမ်း၊ အမှုထမ်းများ၏ လိုအပ်သည်များကို ဖြည့်စွက်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း ဦးဆောင်သည့်အဖွဲ့သည် ဒီဇင်ဘာ ၁၂ ရက်တွင် ရှမ်းပြည်နယ် ရွာငံမြို့နယ်ရှိ ပြဒါးလင်းဂူမှ ကျောက်ခေတ်နှင့်ပတ်သက်သည့် အထောက်အထားများကို ကွင်းဆင်းလေ့လာခဲ့သည်။
ကွင်းဆင်းသုတေသနအဖွဲ့တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ ကွင်းဆင်းသုတေသန ခရီးစဉ်အတွင်း သုတေသနတွေ့ရှိချက်များအား ခေတ်ဟောင်း မြန်မာနိုင်ငံသမိုင်းကို အထောက်အပံ့ရစေနိုင်ရန်၊ တစ်ဆက်တစ်စပ်တည်းသော မြန်မာနိုင်ငံသမိုင်းကို ဖြည့်စွက်နိုင်ရန်နှင့် နှောင်းသုတေသီများ လေ့လာနိုင်ရန်၊ ကွက်လပ်ဖြစ်နေသည့် အကြိုသမိုင်း ခေတ်ကာလများဖြစ်သော ကျောက်ခေတ်ဦး၊ ကျောက်ခေတ်ဟောင်း (Palaeolithic)၊ ကျောက်ခေတ်လယ် (Mesolithic)၊ ကျောက်ခေတ်သစ်၊ ကျောက်ခေတ်နှောင်း (Neolithic) စသည့် ကျောက်ခေတ်ကာလများ၊ ကျောက်နှင့် ကြေးရောနှော အသုံးပြုသော ခေတ် (Chalcolithic) နှင့် ကြေးခေတ် (Bronze Age) တို့ ပါဝင်နေပေရာ ယခု ကျောက်ခေတ်သမိုင်းကို သမိုင်းအမြင်သစ်တစ်ရပ်ဖြင့် ဖြည့်စွက်သွားနိုင်ရေးအတွက် ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လူသားမျိုးနွယ်အစ ပုံတောင်ပရိုင်းမိတ်များသည် လွန်ခဲ့သော နှစ်သန်း ၄၀ ကပင် မြန်မာ့မြေပေါ်တွင် အခြေချနေထိုင် ပျံ့နှံ့လျက်ရှိကြောင်း၊ ပုံတောင်ပရိုင်းမိတ်ကျောက်ဖြစ် ရုပ်ကြွင်းများကို မြန်မာနိုင်ငံအလယ်ပိုင်းတွင် တွေ့ရှိရပြီး ကမ္ဘာပေါ်တွင် အစောဆုံးသက်တမ်းရှိသည့် အဆင့်မြင့်ပရိုင်းမိတ်များဖြစ်ကြောင်း သုတေသီများ ရှာဖွေဖော်ထုတ် နိုင်ခဲ့ကြပြီးဖြစ်ကြောင်း၊ ယခုအခါ ပုံတောင်ပရိုင်း မိတ်ကျောက်ဖြစ် ရုပ်ကြွင်းများသာမက နှစ်သန်း ( ၈ မှ ၁၂)သန်း သက်တမ်းရှိ ဧရာဝတီ ကျောက်လွှာစုမှလည်း လူတူပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းများ တွေ့ရှိပြီးဖြစ်ကြောင်း၊ ပုံတောင်ပရိုင်းမိတ်များမှသည် ဧရာဝတီလူတူပရိုင်းမိတ်များအထိ အခြေချနေ ထိုင်ပျံ့နှံ့သွားလာပုံကို ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြုဖော်ထုတ်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ထုတ်ပြန်ထားသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာန၊ ဘူမိဗေဒဌာနနှင့် လည်းကောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သော ဂျပန်နိုင်ငံ Kyoto University Promate Research Insitute နှင့်လည်းကောင်း၊ ပြင်သစ်နိုင်ငံ University of Poitiers National Centre for Scientific Research နှင့်လည်းကောင်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။















