လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးပေါ် လားရှိုးမြို့ရှောင်လမ်း၊ လားရှိုးနှင့် မယ်ဟန်လမ်းပိုင်း (၃) မိုင်ကွေ့တွင် ဖရဲသီးတင်ယာဉ်တစ်စီးနှင့် ခရီးသည်တင် မှန်လုံယာဉ်တစ်စီးတို့ ဒီဇင်ဘာ ၁၈ ရက် ည ၆ နာရီ ကျော်ခန့်က တိုက်မိခဲ့ကြောင်း သိရသည်။
မန္တလေးဘက်မှ မူဆယ်ဘက်သို့ ဦးတည်မောင်းနှင်လာသည့် ဖရဲသီးတင် ၁၂ ဘီးယာဉ်နှင့် မူဆယ်မှ ပြည်သို့မောင်းနှင်လာသည့် တိုးတက်ရေး ခရီးသည်တင် မှန်လုံယာဉ်တစ်စီး လားရှိုးမြို့ရှောင်လမ်းတွင် တိုက်မိခဲ့ပြီး ခရီးသည်တင် မှန်လုံယာဉ်ပေါ်ပါ ခရီးသည်အချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် မန္တလေးဘက်မှ မူဆယ်သို့ ဖရဲသီးပို့ဆောင်ရန် မောင်းနှင်လာသည့် ၁၂ ဘီးယာဉ်သည် တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါသူ နှစ်ဦးအနက် တစ်ဦးမှာ ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။
“ဖရဲသီးတင်လာတဲ့ ၁၂ ဘီးကားကတော့ မန္တလေးဘက်ကနေ မူဆယ်ဘက်ကို ဦးတည်ပြီး မောင်းနှင်လာပေမဲ့ တိမ်းမှောက်သွားတော့ ကားခေါင်းက မန္တလေးဘက်ပြန်လှည့်ပြီး တိမ်းမှောက်သွားတယ်။ ကားပေါ်က ဖရဲသီးတွေကတော့ လမ်းပေါ်မှာ တစ်စစီ ပြန့်ကျဲနေတယ်။ ယာဉ်နောက်လိုက်ကတော့ ခြေထောက်မှာ ဒဏ်ရာအနည်းငယ်ရတယ်။ သူနဲ့တိုက်မိတဲ့ ခရီးသည်တင်ယာဉ်ကတော့ ဘယ်ဘက်ခြမ်းက မှန်တွေကွဲပြီး အဲဒီဘက်အခြမ်းမှာ လိုက်ပါစီးနင်းလာတဲ့ ခရီးသည်ငါးဦး ဒဏ်ရာရတယ်။ ခရီးသည်တင်ယာဉ်ပေါ်က ဒဏ်ရာရသူတွေကိုတော့ လားရှိုးဆေးရုံကြီးမှာ ဆေးကုသဖို့ ပို့ဆောင်လိုက်ပါတယ်။ ဖရဲကားပေါ်က ယာဉ်နောက်လိုက်ကတော့ ခြေထောက်မှာပဲ ဒဏ်ရာအနည်းငယ်ရတာပါ” ဟု ယာဉ်တိမ်းမှောက်ရာသို့ သွားရောက်ကူညီကယ်ဆယ်ခဲ့သူ လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းမှ ကိုဝသုန်က ပြောကြားသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ခရီးသည်တင်ယာဉ်ပေါ်ပါ ခရီးသည်များအား လားရှိုးမြို့ ကားဂိတ်သို့ လူမှုကူညီရေး အသင်းများက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
“ခရီးသည်တင်ယာဉ်ပေါ်က ခရီးသည် ငါးဦးကတော့ ဒဏ်ရာရပါတယ်။ တစ်ဦးကတော့ မျက်နှာတော်တော် ထိသွားတယ်။ လေးဦးကတော့ ဦးခေါင်းဒဏ်ရာ အနည်းငယ်စီ ရသွားတယ်။ ခရီးသည်တင်ယာဉ်ပေါ်က ခရီးသည်တွေကိုတော့ လားရှိုးဂိတ်ကို ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာရတဲ့ သူတွေကိုတော့ လားရှိုးဆေးရုံကို ပို့လိုက်ပါတယ်” ဟု ပေးသောလက် လူမှုကူညီရေးအသင်းမှ ကိုမြင့်မော်က ပြောကြားသည်။
ယခု ယာဉ်တိုက်မှု ဖြစ်ပွားသောနေရာသည် အကွေ့ကြော ဖြစ်သဖြင့် ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားသောနေရာ ဖြစ်ကြောင်း သိရသည်။















