နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ရှိသည့် ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် ယနေ့ (ဒီဇင်ဘာ ၁၉ ရက်) နံနက်ပိုင်းက ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းမောင်ထံမှ သိရသည်။
"ဒီနေ့ မနက်ပိုင်းက ငအမ်းရွာအနီးမှာ ဗုံးသုံးလုံး ပေါက်တယ်ဆိုပြီး မာန်အောင်က ကျွန်တော့်ကိုသတင်း ပို့ပါတယ်။ သူတို့ပြောတဲ့ စကားအရဆိုရင်တော့ သေချာသလောက ်ရှိပါတယ်"ဟ ုမာန်အောင်မြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းမောင်က ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် အဆိုပါပေါက်ကွဲမှုဖြစ်ပွားရသည့်အကြောင်းအရင်းအား စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
ယနေ့ (ဒီဇင်ဘာ ၁၉ ရက်) တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ် မာန်အောင်ခရီးစဉ် ရှိနေသဖြင့် မြို့ပေါ်တွင် လုံခြုံရေးကို အထူးတင်းကြပ်ထားကြောင်း သတင်းရရှိသည်။
အဆိုပါပေါက်ကွဲမှု ဖြစ်ပွားသည့် နောက်ဆက်တွဲအခြေအနေများကို ဆက်လက် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။















