ကန်ကြီးထောင့်မြို့ ဟွာမှုံအထည်ချုပ် စက်ရုံအလုပ်သမားသပိတ်မှာ ဒီဇင်ဘာ ၁၈ ရက်တွင် ၁၀ ရက်အထိ ရှိလာပြီဖြစ်ပြီး အစိုးရအဖွဲ့မှ တရုတ်နိုင်ငံတွင် နေထိုင်နေသည့် အလုပ်ရှင်အား ခေါ်ယူထားပြီး အလုပ်ရှင်နှင့် အလုပ်သမားများ ညှိနှိုင်းမှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းခွင်အတွင်း လိုအပ်ချက်များဖြစ်သည့် တောင်းဆိုချက် ၅၇ ချက်ကို အောက်တိုဘာ ၇ ရက်တွင် စတင်စုပေါင်းတောင်းဆိုမှု ပြုလုပ်ခဲ့ပြီးနောက် တောင်းဆိုချက်များအနက် သဘောတူညီရန်ကျန်ရှိသည့် ရှစ်ချက်ကို အလုပ်သမားခုံသမာဓိရုံးသို့ တက်ရောက် ခဲ့ကြောင်း၊ ခုံသမာဓိရုံးဆုံးဖြတ်အားကျေနပ် မှုမရှိသောကြောင့် ဒီဇင်ဘာ ၉ ရက်တွင် စက်ရုံဝန်းအတွင်း စတင်သပိတ်မှောက်ခဲ့ပြီး ဒုတိယမြောက်နေ့မှစတင်ကာ စက်ရုံဝင်းအတွင်းသို့ ဝင်ရောက်ခွင့်မရတော့သဖြင့် စက်ရုံရှေ့လမ်းမကြီးတွင် သပိတ်စခန်းဖွင့်ကာ ဆက်လက်တောင်းဆိုမှုများပြုလုပ်ခဲ့ကြကြောင်း၊ သပိတ်စခန်း စတင်ဖွင့်လှစ်သည့် ခုနစ်ရက်မြောက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆုံးဖြတ်ချက်ဟုဆိုကာ မြို့နယ်တာဝန်ရှိသူများမှ သပိတ်အားရုပ်သိမ်းရန် ရုပ်သိမ်းခြင်းမရှိပါက အင်အားသုံး ဖြိုခွင်းမည်ဖြစ်ကြောင်း လာရောက်အကြောင်း ကြားခဲ့ပြီးနောက် သပိတ်စခန်းတွင် အလုပ်သမားအင်အားများ ပိုမိုများပြားလာခဲ့ပြီး တိုင်းဒေသကြီးအစိုးရ၏ ဆက်သွယ်ဆောင်ရွက်မှုဖြင့် တရုတ်နိုင်ငံတွင် နေထိုင်နေသော စက်ရုံပိုင်ရှင်အား ခေါ်ယူထားခဲ့ပြီး လာမည့် ဒီဇင်ဘာ ၂၀ ရက်တွင် အလုပ်ရှင် အလုပ်သမား နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“အလုပ်သမား အလုပ်ရှင် နှစ်ဖက်တွေ့ ဆုံမှုကို လာမယ့် ၂၀ ရက် အင်္ဂလိပ်လို ၂၀ ရက်ကို ချိန်းဆိုခဲ့ပါတယ်။ သူတို့ချိန်းဆိုတာက သမီးတို့ကို စာချွန်တော်ရေးထားတာက သုံးဦးပေါ့။ အလုပ်သမားအဖွဲ့ဝင် သုံးဦးလို့ပဲ ပြောထားပါတယ်။ ဒါပေမဲ့ သမီးတို့ဘက်မှာက အဖွဲ့ဝင်ခုနစ်ဦးရှိပါတယ်။ အဖွဲ့ဝင်ခုနစ်ဦးအပြင်ကို သမီးတို့ရဲ့ အလုပ်သမားကိုယ်စားလှယ်ဖြစ်တဲ့ မခခကိုလည်း သမီးတို့က ပါစေချင်ပါတယ်။ ဒါပေမဲ့ ဒီဘက်ကပြောပုံ အရဆိုရင် အလုပ်သမားဝန်ကြီးကို ပြန်ပြီးတော့ တင်ပြပေးမယ်လို့ ပြောခဲ့ပါတယ်။ ခုနစ်ဦးရမယ် ဆိုရင်တော့ သမီးတို့က အဲဒီနေ့ပေါ့နော်။ အဲဒီနေ့ရဲ့ အဖြေပေါ်မှာပဲ မူတည်ပါမယ်” ဟု သပိတ်မှောက် အလုပ်သမားတစ် ဦးဖြစ်သူ မခိုင်စံပယ်ဖြူက ပြောကြားသည်။
တိုင်းဒေသကြီး အစိုးရအနေဖြင့် အလုပ်သမားသပိတ်အား အင်အားသုံးဖယ်ရှားမယ်ဟု ကြေညာခဲ့မှုအပေါ် သဘောတူညီမှုမရှိကြောင်းနှင့် ညှိနှိုင်းဆွေးနွေးမှုများဖြစ် ပေါ်စေရန် တောင်းဆိုထားကြောင်း ကန်ကြီးထောင့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးထွန်းက ပြောကြားသည်။
“၁၅ ရက်နေ့က ညနေပိုင်းမှာ ဒီသပိတ်စခန်းကို ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူကနေပြီးတော့ ဒီသပိတ်ကို ဖြိုခွင်းမယ်ဆိုတဲ့ စာကို သွားရောက်ဖတ်တယ်ပေါ့နော်။ ဒီနေရာမှာ ဖြိုခွင်းမယ်ဆိုတာကိုနဲ့ ဒီစာရွက်စာတမ်းများက အစပေါ့နော်။ အစိုးရဘက်က သက်ဆိုင်ရာဒေသ သက်ဆိုင်တဲ့လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အသိပေးအကြောင်းကြားခြင်းမရှိတာကို ကျွန်တော်တို့တွေ့ရပါ တယ်။ တွေ့တဲ့အတွက် ဒီအပေါ်မှာတော့ ကျွန်တော်တို့အနေနဲ့က ဒါက တစ်ဖက်က ပဋိပက္ခသည် တစ်ဖက်ငြိမ်းချမ်းစွာ ဆန္ဒပြ နေတာကို ဒီလိုဖြိုခွင်းမယ်ဆိုတဲ့နည်းလမ်း ဟာ ကျွန်တော်တို့အနေနဲ့ဟာ ဒါ ခေတ်မမီတော့ဘူးထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ဖက်က ငြိမ်းချမ်းစွာ ဆန္ဒပြနေလို့ ပါ။ ဒါက ဥပဒေအကြောင်းအရ ညှိနှိုင်းပေါင်းစပ်ပြီးတော့ သွားရမယ်လို့မြင်ပါတယ်။ ပြီးတော့ ဒီလိုဖြိုခွင်းမှုကို လုပ်တယ်ဆိုလို့ရှိရင် ဒါက ကျွန်တော့်အမြင်က အကျိုးသက်ကြီး ဖြစ်နေပါတယ်။ တကယ်တမ်းမှာ ဒီပဋိပက္ခပေါ်မှာ ရှိနေတဲ့အကြောင်းတရားတွေကို သေချာစိစစ်ပြီး ဒီအကြောင်း သက်တရားနဲ့ သွားမှသာဖြစ်မှာပါ။ ဒီလိုမျိုး မသွားနိုင်လို့ရှိ ရင်တော့ ကျွန်တော်တို့အနေနဲ့ကတော့ လက်ရှိမှာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်အပါအဝင် သက်ဆိုင်ရာဝန်ကြီးကိုလည်း ကျွန်တော်တို့အနေနဲ့ကတော့ တင်ပြဆွေးနွေးထားပြီးဖြစ်ပါတယ်။ ဒီလိုမျိုးနည်းလမ်းနဲ့ ဖြေရှင်းမှုကို ကျွန်တော်တို့ လက်မခံနိုင်ကြောင်းကိုလည်း တင်ပြထားပါတယ်။ သက်ဆိုင်ရာရှိနေတဲ့ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်တွေကိုလည်း ပြည်ထောင်စုထိကို ကျွန်တော့်အနေနဲ့ သတင်းပေးပို့ပြီးတော့ စီမံဆောင် ရွက်ထားပါတယ်” ဟု ဦးစိုးမိုးထွန်းက ပြောကြားသည်။
ဟွာမှုံအထည်ချုပ်စက်ရုံ အလုပ်သမား သပိတ်အားအင်အား သုံးဖယ်ရှားမည်ဟု ကြေညာခဲ့သော်လည်း ဥပဒေအရ မညီညွတ်ခြင်းကြောင့် ဖယ်ရှားပေးရန် ကြေညာခဲ့ခြင်းဖြစ်ပြီး အင်အားသုံးဖယ်ရှားရန် အစီအစဉ်များ မရှိကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောကြားထားသည်။















