ရွှေ့ပြောင်းအလုပ်သမားများသည် မူရင်းနိုင်ငံနှင့် လက်ခံနိုင်ငံ နှစ်ခုစလုံးအတွက် အကျိုးရှိစေသော်လည်း အခြေခံလူမှုကာကွယ် စောင့်ရှောက်မှုမရှိသည့် ရွှေ့ပြောင်းသွားလာသူ အများအပြားရှိကြောင်း ဒုတိယသမ္မတ ပြောကြား

ရွှေ့ပြောင်းအလုပ်သမားများသည် မူရင်းနိုင်ငံနှင့် လက်ခံနိုင်ငံ နှစ်ခုစလုံးအတွက် အကျိုးရှိစေသော်လည်း အခြေခံလူမှုကာကွယ် စောင့်ရှောက်မှုမရှိသည့် ရွှေ့ပြောင်းသွားလာသူ အများအပြားရှိကြောင်း ဒုတိယသမ္မတ ပြောကြား
Published 18 December 2019
နေရိုင်း

ဒီဇင်ဘာ ၁၈ ရက်က MICC-2 တွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အခမ်းအနားအဖွင့်မိန့်ခွန်းတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့သည်။

“ ရွှေ့ပြောင်းလုပ်သားများဟာ မူရင်းနိုင်ငံနှင့် လက်ခံနှစ်နိုင်ငံအတွက် အကျိုးရှိသော်လည်း အခြေခံလူမှုစောင့်ရှောက်မှုမရရှိတဲ့ ရွှေ့ပြောင်းသွားလာသူတွေ အများအပြားရှိနေပါတယ်။ ဒါ့အပြင် လူမှုဖူလုံရေးထည့်ဝင်ကြေးများ ထည့်သွင်းထားပေမယ့် အကျိုးခံစားခွင့်မရရှိသူတွေလည်း ရှိနေပါတယ်။ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်သူများအနေနဲ့  ဘေးကင်းလုံခြုံစိတ်ချစွာ ရွှေ့ပြောင်းသွားလာနိုင်ဖို့ အရေးကြီးသလို လူမှုကာကွယ် စောင့်ရှောက်မှုတွေ ရရှိခံစားဖို့၊ ဂုဏ်သိက္ခာရှိရှိ ဆက်ဆံခံရဖို့လိုအပ်ပါတယ်”  ဟု ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

ပုံမှန်မဟုတ်သည့် လမ်းကြောင်းများမှ တရားမဝင်ရွှေ့ပြောင်း သွားလာလုပ်ကိုင်ရင်း အန္တရယ်များသည့် လုပ်ငန်းခွင် အခြေအနေကြုံတွေ့ရခြင်း၊ ခေါင်းပုံဖြတ်ခံရခြင်း၊ အခွင့်အရေးများချိုးဖောက်ခံရခြင်း၊ လူကုန်ကူးခံရခြင်း၊ အဓမ္မခိုင်းစေခံရခြင်း၊ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရှာဖွေရန် အခက်အခဲများရှိခြင်း၊ လုပ်ခနည်းပါးခြင်း စသည်တို့ ကြုံတွေ့နိုင်ရကြောင်း၊ အလုပ်သမား လိုအပ်ချက်မြင့်မားနေသည့် နိုင်ငံများသည် ပုံမှန်မဟုတ်သည့် ရွှေ့ပြောင်းသွားလာခြင်းက မြင့်တက်နေမည်ဖြစ်ပြီး ဆင်းရဲနွမ်းပါးခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းတို့က ပုံမှန်မဟုတ်သည့် ရွှေ့ပြောင်းသွားလာမှုကို ဖြစ်စေသည်ကို တွေ့ရှိရကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ဆိုသည်။

၂၀၁၃ ခုနှစ်စာရင်းအရ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမား သန်း ၁၅၀ ခန့်ရှိပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၏၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင်  ထုတ်ပြန်ချက်အရ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမား ၁၆၄ သန်းခန့်ရှိသည့်အတွက် ရွှေ့ပြောင်းအလုပ်သမား အရေအတွက် ပိုမိုမြင့်တက်လာသည်။

ကမ္ဘာတစ်ဝန်း ရည်ရွယ်ချက်အမျိုးမျိုး၊ ပုံစံအမျိုးနှင့် ရွှေ့ပြောင်းသွားလာလျက်ရှိရာ ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ ၂၀၁၉ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူ ခန့်မှန်း ၂၇၂ သန်းရှိကြောင်း သိရသည်။

ဒုတိယသမ္မတက “ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ခြင်းက လူမှုစီးပွားဘဝ တိုးတက်စေခြင်း၊ အတွေ့အကြုံ ဗဟုသုတ ရရှိစေခြင်း၊ သင့်တင့်သည့် ဝင်ငွေရရှိခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေခြင်း၊ မိသားစုပို့ငွေမှတစ်ဆင့် နိုင်ငံတော်၏ GDP မြင့်တက်စေခြင်း၊ ကျန်ရစ်သည့် မိသားစုအတွက် အဆင်ပြေခြင်း၊ ဝင်ငွေခွန်များရရှိခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေနိုင်လို့ ရွှေ့ပြောင်းသွားလာခြင်းဟာ Social Cohesion အတွက် တစ်ဖက်တစ်လမ်းက အထောက်အကူ ဖြစ်စေပါတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာတွင် ဂုဏ်သိက္ခာရှိစွာ အပြည်ပြည်ဆိုင်ရာ လုပ်သားစုဆောင်းသည့်စနစ် ပေါ်ထွက်လာစေရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ မိမိတို့ နိုင်ငံအတွင်းရှိသည့် လုပ်သားစုဆောင်း ပို့ဆောင်ပေးသည့် ပြည်ပအလုပ်အကိုင်အကျိုး ဆောင်လိုင်စင်ရ အေဂျင်စီများအနေဖြင့် လုပ်သားစုဆောင်းရာတွင် သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ ကောင်းမွန်သည့်စီမံခန့်ခွဲမှု ဖြစ်စေရန် စေလွှတ်ထားသည့် လုပ်သားများ၏ အချက်အလက်များ စနစ်တကျပြုစုထားရှိရန်နှင့် ကောင်းမွန်သည့် အလေ့အထများ ဆောင်ရွက်နိုင်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းသွားစေကြောင်း ဒုတိယသမ္မတက ဆိုသည်။

ရွှေ့ပြောင်းသွားလာသူများ၏မိသားစု လွှဲပို့ငွေများသည် နိုင်ငံ၏ GDP အတွက် အရေးပါသည့် အရင်းအမြစ်များဖြစ်၍ မိသားစုလွှဲပို့ငွေကို စနစ်တကျစီမံခန့်ခွဲပြီး လုံခြုံစိတ်ချရသည့်လမ်းကြောင်းမှ လျင်မြန်ချောမွေ့စွာ လွှဲပြောင်းပေးရန် အရေးကြီးကြောင်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သောကြောင့် နောင်လာမည့်ကာလတွင် မိသားစု လွှဲပို့ငွေကို ပိုမိုချောမွေ့စွာ လွှဲပို့နိုင်တော့မည်ဖြစ်ကြောင်း ဒုတိယသမ္မတက ဆက်လက်ပြောကြားသည်။                                                                    

 

 

Most Read

Most Recent