ရှမ်းပြည်နယ် ဓနုမြေက ပင်းတယ ရွှေဥမင်သဘာဝလိုဏ်ဂူဘုရား

ရှမ်းပြည်နယ် ဓနုမြေက ပင်းတယ ရွှေဥမင်သဘာဝလိုဏ်ဂူဘုရား
ပင်းတယရွှေဥမင်သဘာဝလိုဏ်ဂူဘုရားသို့ ဘုရားဖူးလာရောက်သူများကို တွေ့ရစဉ်
ပင်းတယရွှေဥမင်သဘာဝလိုဏ်ဂူဘုရားသို့ ဘုရားဖူးလာရောက်သူများကို တွေ့ရစဉ်
Published 24 November 2019
စည်သာ (တောင်ကြီး)

ရှမ်းပြည်နယ်မှာ လည်ပတ်ဖို့ အကောင်းဆုံးနေရာတစ်ခုဖြစ်ပြီး နိုင်ငံခြားသား ခရီးသွားများ ဒုတိယအများဆုံး လာရောက် လည်ပတ်လေ့ရှိကြတဲ့ နေရာတစ်ခုက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ပါ။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ပင်းတယမြို့နယ်နဲ့ ရွာငံမြို့နယ်ဆိုပြီး နှစ်မြို့နယ် ရှိပါတယ်။ ရှမ်းတောင်မှာ နိုင်ငံခြားသား ခရီးသွားတွေကို ဝင်ကြေးကောက်တဲ့နေရာ နှစ်ခုက အင်းလေးကန်နဲ့ ဓနုဒေသဖြစ်တဲ့ ပင်းတယ တို့ဖြစ်ပါတယ်။

ပင်းတယမြို့ကို ရောက်တာနဲ့ ထင်ရှားတဲ့ လက္ခဏာရပ်ကတော့ ကြီးမားလှတဲ့ နှစ်ပေါင်း ၂၀၀ ကျော် သက်တမ်းရင့် ညောင်ပင်ကြီးတွေ ဖြစ်ပါတယ်။ ညောင်ပင်အကြီးစားများစွာ ဒီလိုအများကြီး တွေ့မြင်ရတာ အတော်ရှားပါတယ်။ ကက္ကူဘက်မှာလည်း အဲဒီလိုညောင်ပင်ကြီးတွေနဲ့ သပြေလုံး အပင်ကြီးတွေကိုလည်း တွေ့နိုင်ပါတယ်။

နောက်ထပ် ထူးခြားချက် တစ်ခုကတော့ ရှေးဟောင်း မွေတော်စေတီတော်များဟာ လက်ရာ ပုံစံချင်းဆင်ပြီး ဘုရားရုပ်ပွားတော်၊ ဆင်းတုတော်ဟာ လက်ရာချင်း နီးစပ်ကြပါတယ်။ ရှမ်းတောင်မှာရှိတဲ့ ပအိုဝ်းဒေသ ကက္ကူမွေတော်ဘုရားများ၊ အင်းလေးကန်မှာရှိတဲ့ အလိုတော်ပေါက်ဘုရားနဲ့ အခြားမွေတော်ဘုရားများ၊ ပင်းတယမှာရှိတဲ့ မွေတော်ဘုရားများဟာ ခေတ်တစ်ခေတ်တည်းလို့ ယူဆရပါတယ်။

ပင်းတယရဲ့ အထင်ကရများ

ပင်းတယမြို့မှာ ပုန်းတလုတ်ကန်၊ ရွှေဥမင်လိုဏ်ဂူဘုရား၊ အလယ်ဂူဘုရား၊ ဆင်ခေါင်းဘုန်းကြီးကျောင်းနဲ့ အနီးအနားမှာရှိတဲ့ ကုံလုံကျောင်းတို့ကို လည်ပတ်လို့ ရပါတယ်။ ပင်းတယနဲ့ အနီးအနားမှာရှိတဲ့ ရွာငံကိုလည်း သွားပြီး လည်ပတ်လို့ကောင်းတဲ့ နေရာတွေ အများကြီးရှိပါသေးတယ်။

ပင်းတယနဲ့ ရွာငံတို့ဟာ အင်မတန် ရှုခင်းကောင်းတဲ့ မြို့နှစ်မြို့ ဖြစ်တဲ့အတွက်ကြောင့် ဓာတ်ပုံဆရာတွေက အဲဒီဒေသတွေမှာ ရာသီမရွေး လာရောက် ရိုက်ကူးကြပါတယ်။ နွေရာသီနဲ့ ဆောင်းရာသီ ပွင့်လင်းရာသီတွေမှာ ပင်းတယနဲ့ ရွာငံတစ်ကြော ရှုခင်းတွေကို ဓာတ်ပုံရိုက်လို့ အကောင်းဆုံးအချိန်တွေပါပဲ။

တောလမ်း ခရီးကြမ်းများအဖြစ် ပင်းတယ- ရစကြီခရီးစဉ်ကို တစ်ည၊ နှစ်ည၊ သုံးညအိပ် ခရီးစဉ်၊ ပင်းတယ- အင်းလေးကို သုံးညအိပ် လေးရက် ခရီးကြမ်းနဲ့ ရွာငံ-ပင်းတယ- ကလောကို နှစ်ညအိပ် သုံးရက် လမ်းလျှောက်နိုင်ပါတယ်။ ပင်းတယ- ကန်လှကုန်း၊ ရွှေပုထိုးကို နေ့ချင်းပြန်ဖြစ်စေ၊ တစ်ညအိပ် မှ ငါးညအိပ်အထိ စိတ်ကြိုက် နှစ်သက်သလို လည်ပတ်နိုင်ပါတယ်။ နိုင်ငံခြားသားတွေ အကြိုက်တွေ့စေတဲ့ လမ်းလျှောက် ခရီးကြမ်း ခရီးစဉ်များလည်း ဖြစ်ပါတယ်။

ပင်းတယမြို့ ရှေးသမိုင်းကြောင်း

ကုမ္မာဘယ၊ ရှင်မိယာ

ပင်းတယ သမိုင်းကြောင်းကို ပြန်ကြည့်လိုက်မယ်ဆိုရင် တစ်ခါက ဗာရာပြည်ကြီးမှာ ဗာရာမင်းကြီးစိုးစံစဉ် မင်းကြီးမှာ လွန်စွာရုပ်ဆင်းအင်္ဂါ ချောမောလှပသော ကုမ္မာဘယမင်းသား သားတော်တစ်ပါး ရှိပါတယ်။ (ဗာရာပြည်ကြီးသည် ညောင်ရွှေမြို့ဟု ဆိုလိုခြင်းဖြစ်) ကုမ္မာဘယမင်းသားသည် မင်းသားတို့ တတ်အပ်သော ဓားခုတ်၊ လှံထိုး၊ ဆင်စီး၊ မြင်းစီးတို့ကို တတ်မြောက်လေ၏။ အထူးသဖြင့် လေး ၊ မြားအတတ်တွင် တစ်ဖက်ကမ်း ခတ်တတ်မြောက်တဲ့အတွက် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်နေပါတယ်။

အဲဒီသားတော်ကို အချိန်မလွန်ခင် အိမ်ထောင်ပြုဖို့ သုံးကြိမ်တိုင် နားချသော်လည်း စိတ်မဝင်စားတာကြောင့် သားတော်ဖြစ်သူလည်း ဖခင်ဖြစ်သူ သုံးကြိမ်မြောက် မပြောခင်မှာ သထုံပြည့်ရှင်မင်းကြီး၏ သမီးတော်ဖြစ်သူကို သွားရောက် ကြည့်ရှုနိုင်ရန်အတွက် သွားရောက်ခဲ့ပါတယ်။ သထုံပြည့်ရှင်မင်းကြီးထံ အရောက်မှာ အမှုတော်ထမ်းဖို့ တောင်းပန်ပြီး တာဝန်ထမ်းဆောင်နေစဉ် မင်းကြီးက ရုပ်ဆင်းအင်္ဂါ ပြည့်စုံတဲ့ မင်းသားဖြစ်သူကို ရိပ်မိပြီး အမှန်အတိုင်း လျှောက်တင်စေကာ သမီးတော်နဲ့ ထိမ်းမြား လက်ထပ်စေပါတယ်။ အချိန်ကာလကြာလာတော့ သထုံမင်းသမီး နဲ့ သားတော်တစ်ပါး ရရှိချိန်မှာ ကုမ္မာဘယမင်းသား နေပြည်တော်ကို လွမ်းတဲ့အတွက် အိမ်ပြန်ဖို့ရာ မင်းသမီးထံ ခွင့်ပန်ပြီး ပြန်လာခဲ့တယ်။

လမ်းခုလတ်မှာ နဂါးပတ်တောင်ကို ရောက်ပြီး တောင်ပေါ်မှာ အကျင့်သီလပြည့်စုံတဲ့ ရဟန်းတစ်ပါး သီတင်းသုံးကာ နဂါးတစ်ကောင်ကလည်း မည်သူ့မှ မကြောက်ဘဲ ရဲဝံ့စွာနေနေပါတယ်။ ဂဠုန်ကလည်း နဂါးကို မြင်ပြီး သုတ်ချီပြေးပေမယ့် သုတ်မရတာကြောင့် လူယောင်ဆောင်ပြီး ရှင်ရသေ့ထံ ချဉ်းကပ်ပြီး အကြောင်းစုံ မေးမြန်းရာမှာ “ဒီနဂါးဟာ ပတ္တမြားမျက်ရှင် ငုံထားတဲ့အတွက် ဦးခေါင်းကဖြစ်စေ၊ ခါးကဖြစ်စေ၊ သယ်ယူ၍ မရချေ။ အကယ်၍ ဂဠုန်ဟာ အမြီးပိုင်းကနေ သယ်ဆောင် သုတ်ချီမယ်ဆိုရင် ပတ္တမြားမျက်ရှင် ထွက်ကျမှာ ဖြစ်တဲ့အတွက် ဉာဏ်နည်းသော ဂဠုန်များ မသိနိုင်ကုန်”လို့ ပြောတာ သိလိုက်တာနဲ့တစ်ပြိုင်နက် ဂဠုန်လည်း ရှင်ရသေ့ ပြောတဲ့အတိုင်း နဂါးကို သုတ်ချီပြေးချိန်မှ မင်းသားကို တွေ့မြင်တဲ့နဂါးဟာ “ကယ်တော်မူပါ၊ အသက်ဘေးက ကယ်တင်ရင် ကျေးဇူးဆပ်ပါမည်”ဟု ငိုယိုတောင်းပန်တဲ့အတွက် လေးတော်နှင့် ခွင်းတဲ့အတွက် ကောင်းကင်မှ ပြုတ်ကျပါတယ်။ လေးဒဏ်ရာထိသော ဂဠုန်ဟာ သေအံ့ဆဲဆဲ “ငါနဂါးကို စားရခါနီးအချိန်တွင် သင့်လက်ချက်ကြောင့် သေရတော့မှာ ဖြစ်တဲ့အတွက် နောင်ဘဝမှာ ကြီးစွာသော ခန္ဓာကိုယ်ဖြင့် သင့်လမ်းကြောင်းမှာ ပိတ်ပြီး ရန်မူနိုင်ပါစေ”ဟု ကျိန်ဆိုပြီး သေပါတယ်။ နဂါးကလည်း မင်းသားထံ ချဉ်းကပ်ပြီး အသင်မင်းသား လိုအပ်ချိန်မှာ မြေကြီးကို သုံးချက်ပုတ်၍ ခေါ်လိုက်ပါက အမြန်ချက်ချင်း ကျွန်ုပ်ရောက်လာပြီး ကျေးဇူးဆပ်ပါမည်ဟု ပြောပြီး နေရပ်ပြန်သွားပါတယ်။ ဂဠုန် သည် ဒီဘဝမှ သေဆုံးပြီး အနောက်ဘက်တောင်ကြော အောက်ခြေရှိ တောင်ကမ်းပါးယံတွင် ဥမင်သုံးခုတို့တွင် အလယ်ဥမင်၌ ကြီးမားစွာသော ပင့်ကူကြီး ဖြစ်နေပါတယ်။ အဆိုပါ ဥမင်သုံးခုတို့မှာ ပင်းတယလိုဏ်ဂူတော်တို့ပင် ဖြစ်ပါတယ်။

အဆိုပါ ဥမင်သုံးခု၏ တောင်ခြေရင်းတွင် နတ်သမီးတို့ ရေကစားပျော်မြူးလေ့ရှိသော ရေကန်ကြီး (ပုန်းတလုတ်) တည်ရှိပါတယ်။ ထိုရေကန်ကြီးမှာ ငွေတောင်ပြည်ကို အစိုးရသော နတ်မင်းကြီး၏ သမီးတော် ခုနစ်ဖော်တို့ ရေကစားလေ့ ရှိပါတယ်။ ထိုနေ့မှာ နတ်သမီးတို့ ရေကစားပျော်ပါးနေချိန် အမှောင်ရီပျိုးချိန် ရောက်လာတော့ ငွေတောင်ပြည်ကို မပြန်တတ်တော့ဘဲ အနီးအနားမှာရှိတဲ့ ဥမင်သုံးခု၏ တောင်ဘက်ဆုံး ဥမင်ထဲမှာ တစ်ညတာ အိပ်စက် အနားယူကြပါတယ်။ အလယ်ဂူမှာ နေထိုင်တဲ့ ပင့်ကူကြီးဟာ နတ်သမီးများရဲ့ စကားပြောဆိုသံများကြားရပြီး လျင်မြန်စွာဖြင့် ဂူပေါက်ဝကို ရောက်ရှိလာပြီးတော့ ကြီးမားတုတ်ခိုင်တဲ့ ပင့်ကူမျှင်များနဲ့ အထပ်ထပ်ပိတ်လိုက်ပြီး အလယ်ဂူကို ပြန်သွားပါတယ်။

နောက်တစ်နေ့ မိုးသောက်ချိန်မှာ မင်းသားလေး ရေကန်အနားသို့ ရောက်ရှိလာပြီး အသံကြားသဖြင့် အနီးအနား မော့ကြည့်ရှာဖွေရာ တောင်ကမ်းပါးယံရှိ ဂူများတွင် နတ်သမီး အော်သံများကို ကြားရပြီး သွားရောက် ကြည့်ရှုရာ ပင့်ကူမျှင်များနဲ့ ပိတ်ဆို့နေတဲ့ ဂူပေါက်ဝကို တွေ့ရပါတော့တယ်။ နတ်သမီးတွေကလည်း ကြောက်လန့်ပြီး ဂူပေါက်ဝကို ဖွင့်ပေးရန် တောင်းပန်ပြီး ကယ်တင်ပေးမည်ဆိုပါက အထွေးဆုံး နတ်သမီး ရှင်မိယာကို မင်းသားလေးအား ပေးဆပ်ပါမည်ဟု ကူညီတောင်းပန်ကြတာနဲ့ မင်းသားလေးလည်း စဉ်းစားလိုက်တယ်။ အရင်ဆုံး ဂူပေါက်ဝဖွင့်နေစဉ် ပင့်ကူလက်ချက်နဲ့ သေဆုံးနိုင်တဲ့အတွက် ပင့်ကူကို ရှာဖွေပြီး သတ်နိုင်ရန် မြောက်ဘက်မှာရှိတဲ့ အခြားဂူပေါက်များကို သွားရောက်ရှာဖွေစဉ် အလယ်ဂူမှာ ရန်သူတော် ပင့်ကူကြီးနဲ့ ထိပ်တိုက် ပက်ပင်းတွေ့ဆုံပါတော့တယ်။ ရန်သူတော် ပင့်ကူကြီးဟာ အင်မတန် ကြီးမားပြီး ကျောက်တုံး ကျောက်စိုင်များ နဲ့ ပစ်ခတ်ကာ မင်းသားလေးကို အငြိုးနဲ့စတင် တိုက်ခိုက်ပါတော့တယ်။ ပင့်ကူကြီးဟာ ကြီးမားသော ကျောက်တုံးကြီးများကို ပစ်ခွဲပြပြီး မင်းသားကို တိုက်ခိုက်ပါတယ်။ မင်းသားလေးဟာ ပါလာတဲ့ လေးကိုထုတ်ပြီး မြားနဲ့ ပစ်ခွင်းလိုက်စဉ် လျှပ်စီးရဲ့ လျင်မြန်ခြင်းမျိုးနဲ့ ပဲ့တင်ထပ်ပြီး ပင့်ကူကြီးရဲ့ နားရင်းမှာ စိုက်ဝင်ကာ မသေခင်မှာ နောင်ဘဝများမှာ ဘီလူးကြီးဘဝနဲ့ ထိုမင်းသား သွားလေရာမှာ နှိပ်စက်နိုင်သူ ဖြစ်ပါစေဆိုပြီး ကျိန်ဆို၍ ပင့်ကူကြီး သေပွဲဝင်ရှာပါတယ်။ မင်းသားလေးဟာလည်း “ပင့်ကူရပြီ။ ပင့်ကူရပြီ” ဆိုကာ သုံးကြိမ်တိုင်တိုင် လက်ခမောင်းခတ်ကာ ကြုံးဝါးပါတော့တယ်။ အဲဒီလို မင်းသားလေးဟာ ပင့်ကူရပြီဟု ကြွေးကြော်ခဲ့သည်ကို အစွဲပြုပြီး ပင့်ကူရမှ ပင်းတယဟု မြို့အမည်တွင်လာရခြင်းဖြစ်ကြောင်း ဆိုရိုးရှိပါတယ်။

မင်းသားလေးဟာ နတ်သမီး ခုနစ်ဖော် တို့ကို ပြန်လည် ကယ်တင်လိုက်ချိန်မှာ နတ်သမီး ခုနစ်ဖော်ကလည်း ကတိအတိုင်း အထွေးဆုံး ရှင်မိယာကို မင်းသားလေး နှစ်သက်ပါက ယူဆောင်သွားပါဟုပြောပြီး ငွေတောင်ပြည်ကို ပြန်သွားကြပါတယ်။ မင်းသားလေး ကုမ္မာဘယနဲ့ ရှင်မိယာဟာ ကြီးစွာသော ညောင်ပင်အောက်မှာ အိပ်ရင်း ရန်သူတော် ဘီလူးကြီးဟာ လက်နက်မှာ ကြိုတင်သိမ်းဆည်းပြီး သံကွန်ချာဖြင့် အုပ်ထားလိုက်ပါတယ်။ ထိုသို့ မင်းသားလေး မှောင်မိုက်စွာ နေရသောအရပ်ကို ယခုအခါ တမဲကျေးရွာ ဟု ခေါ်ဆိုပြီး တောင်ရိုးလူမျိုးများ နေထိုင်ကြကာ သီဟိုဠ်နိုင်ငံမှ ပင့်ဆောင်လာတဲ့ ပဥ္စလောဟာနဲ့ ဆင်စွယ်ယပ်တောင်ဟာ ယနေ့တိုင်ရှိနေပါတယ်။

မင်းသားလေးဟာ နဂါးမင်းထံ အကူအညီတောင်းပြီး လက်နက်များကို ပြန်လည် ယူဆောင်စေရာ နဂါးမင်းကလည်း အနားကပ်ပြောလိုက်ဘိသကဲ့သို့ ရောက်ရှိလာပြီး လက်နက်များကို ပြန်လည်ရှာဖွေ ဆက်သစေပါတယ်။ မင်းသားလေးက လက်နက်များကို ဘယ်က ယူလာခဲ့သနည်းမေးရာ ထိုအရပ်ကို ပြောပြချိန် အင်မတန်ဝေးလှသဖြင့် “အလွန်ဝေးလှပါတကား”ဟု ရေရွတ်သောအရပ်ကို  ယခုအခါ ပွေးလှဟု ခေါ်တွင်သော ကျေးရွာ ဖြစ်လာပါတယ်။

မင်းသားနဲ့ ဘီလူးကြီးတို့ဟာ အပြင်းအထန် တိုက်ခိုက်ကြပြီးချိန်မှာတော့ မင်းသားဟာ သေငယ်ဇောနဲ့ မျောပြီး ဘီလူးကြီးက မင်းသားလက်ချက်နဲ့ ချက်ချင်းသေဆုံးကာ ထိုနေရာမှာပင် ဥပပတ်ပဋိသန္ဓေဖြင့် ဇော်ဂျီ ဖြစ်လာတယ်။ ဇော်ဂျီဟာ မင်းသားကို တကယ်သေပြီ မှတ်ပြီး ရှင်မိယာလက်ကိုဆွဲပြီး ပင်းတယမြောက် ရေထွက်ဦးအနီးရှိ တောင်ကုန်းလေးမှာ ခေတ္တထိုင်နားကြပါတယ်။ အဲဒီနေရာမှာ ရှင်မိယာဟာ ဇော်ဂျီကို ဥပယ်တံမျဉ်ပြုပြီး သတ်ပစ်လိုက်တဲ့အတွက် ဇော်ဂျီရေထွက်နဲ့ ရှင်မိယာကုန်းအဖြစ် ယနေ့တိုင် ရှိပါတယ်။ မင်းသားလေး အလောင်းကို တွေ့ရချိန်မှာ ရှင်မိယာဟာ ငိုကြွေးတမ်းတချိန် သိကြားမင်းက မင်းသားလေးကို ပြန်လည်အသက်သွင်းခဲ့ပြီး ဗာရာပြည်ကြီးမှာ အိမ်ရှေ့မင်းအရာ ထီးနန်းစိုးစံပါတယ်။ ရှင်မိယာ ရောက်လာချိန်မှစပြီး တိုင်းသူပြည်သားတွေ အနာရောဂါ ကင်းဝေးတာကို မလိုလားတဲ့ သမားတော်ကြီးများက ပရောဟိတ်များနဲ့ ပူးပေါင်း၍ အကောက်ကြံပါတယ်။ ဘုရင့်ကို ကုန်းချောစကား ပြောတဲ့အတွက် မင်းသားလေးကို နယ်ခြားရှိ သူပုန်များ တိုက်ခိုက်ရန် စေလွှတ်လိုက်ချိန် ရှင်မိယာကို သတ်ပြီး လည်ချောင်းသွေးနဲ့ ယာဇ်ပူဇော်ဖို့ လုပ်တာကို နတ်မျက်စိ၊ နတ်နားတို့ဖြင့် ကြားသိရသော ရှင်မိယာဟာ ငွေတောင်ပြည်ကို ပျံတက်သွားပါတယ်။

မင်းသားလေးဟာလည်း နယ်ခြားမှာ ဘာမှမတွေ့တဲ့အတွက် ရိပ်မိပြီး ပြန်လာချိန် အကြောင်းစုံသိကာ စိတ်တော်မကွက်ဘဲ ငွေတောင်ပြည်ကို လိုက်ပါခဲ့ရာ လမ်းခုလတ်မှာ ရှင်ရသေ့နဲ့တွေ့ပြီး ရှင်မိယာ ပေးခဲ့တဲ့ လက်စွပ်ကို ရရှိပါတယ်။ ကြီးစွာသော မြစ်ကြီးကို ကူးဖြတ်ဖို့ ငှက်ဆင်ပျံများကို စီးပြီး တစ်ဖက် ငွေတောင်ပြည်ကို ရောက်ချိန် လူသူအနံ့အသက်များ ဆေးကြောရန် နတ်သမီးလေးများ နတ်ရေကန်မှာ ရေခပ်ဆင်းချိန်ဆုံပြီး မင်းသားလေး အဓိဋ္ဌာန်တာကြောင့် နောက်ဆုံး နတ်သမီးလေး ရေအိုးမပင့်နိုင်ဘဲ မင်းသားလေး ပင့်ပေးလိုက်ချိန်မှာ လက်စွပ်လေးကို ထည့်လိုက်ပါတယ်။ ရှင်မိယာ နောက်ဆုံး ရေအိုးနဲ့ ရေချိုးချိန်မှာ မင်းသားလေး ထည့်ပေးလိုက်တဲ့ လက်စွပ်နဲ့ စွပ်မိပြီး မင်းသားလေး လိုက်လာတာ သိလိုက်တဲ့အတွက် ဖခမည်းတော်မင်းကြီးထံ လျှောက်တင်လိုက်ပါတယ်။ မင်းကြီးကလည်း သမက်တော်အစွမ်းအစ  သိလိုတဲ့အတွက် တင်းတိမ်အတွင်းမှာ ရှိနေတဲ့ နတ်သမီး ခုနစ်ဖော်ကို လက်ညှိုးပဲ ထုတ်ထားပြီး ရွေးစေပါတယ်။ သိကြားမင်းကတစ်ဆင့် မာတလိနတ်သား အကူအညီနဲ့ ရွှေယင်ကောင်လေးအဖြစ် မင်းသားလေးနဲ့ မင်းသမီးလေး လက်ညှိုးကို ကူးလူးပြီး ဆက်သွယ်ပြလို့ မှန်ကန်စွာ ရွေးချိန်မှာ မင်းကြီးကလည်း သမက်တော်ဟာ ဘုန်းတန်ခိုးနဲ့ ပြည့်စုံသူ ဖြစ်တယ်လို့ ဆိုပြီး လက်ထပ်ပေးလိုက်ပါတယ်။ ကုမ္မာဘယ မင်းသားလေးနဲ့ ရှင်မိယာ တို့ဟာ ငွေတောင်ပြည်မှာ နန်းစံပြီးချိန် အကြည်အသာ ခွင့်ပန်ပြီး ဗာရာပြည်ကို ပြန်လာခဲ့ကာ နတ်ရွာစံသွားပြီဖြစ်သော အရိုက်အရာကို ဆက်ခံကာ အုပ်ချုပ်မင်းလုပ်တော် မူပါတယ်။

   ပင်းတယ ရွှေဥမင် သဘာဝလိုဏ်ဂူဘုရား

ရှေးဟောင်းဒဏ္ဍာရီလာအရ  “ပင့်ကူရ” မှ ဆင်းသက်လာသည်ဟု ဆိုကြပြီး တောင်ခြေတွင် နတ်သမီး ခုနစ်ဖော် ရေကစားခဲ့သည်ဟု ဆိုသော ပုန်းတလုတ်ရေကန်လည်း တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၉၇၀ တွင် တည်ရှိပြီး ဂူရဲ့အရှည်ဟာ ပေ ၄၉၀ ဖြစ်ကာ အမြင့်ဆုံးနေရာ ပေ ၁၅၀ မြင့်ပြီး ဂူထဲမှာ ဗုဒ္ဓရုပ်ပွားတော် ၈၀၀၀ ကျော်ရှိတယ်။

ပင်းတယရွှေဥမင် သဘာဝလိုဏ်ဂူတော်ဘုရားဟာ တောင်တန်း၏ တောင်ကြောပေါ်မှာ တည်ထားခြင်းဖြစ်ကာ တောင်ကြောမှာ ဂူပေါက် သုံးပေါက်ရှိပြီး ဘယ်ဘက် အပေါက်ဝ (ဓာတ်လှေကားဘက်) ရှိတဲ့ နေရာကို အဓိက လည်ပတ်ကြပါတယ်။ ညာဘက်မှာ ကျောင်းဆောင်ကြီးနဲ့ ဘုန်းတော်ကြီးကျောင်းတွေ စေတီတော်တွေနဲ့ တခြားဂူတွေလည်း အများကြီးရှိပါသေးတယ်။

ရွှေဥမင်လိုဏ်ဂူမှာ ဘုရားအဆူပေါင်း ၈၀၉၄ ဆူ  တည်ထားပြီး ပထမဆုံး တည်ထားသော ကုသိုလ်ရှင်မှာ အသောကမင်းကြီး ဖြစ်ကာ ဒုတိယကုသိုလ်ရှင်မှာ အလောင်းစည်သူမင်းဖြစ်ပြီး ရွှေဥမင် သဘာဝလိုဏ်ဂူဟာ ပေပေါင်း ၄၉၀ ဝင်ရောက်နိုင်ကာ ယခုအခါ ဓာတ်လှေကား နှစ်စင်းဖြင့် အတက်အဆင်း ပြုလုပ်ပေးနေကြောင်း သိရသည်။ ပင်းတယ ရွှေဥမင် သဘာဝလိုဏ်ဂူတော်ဟာ အင်းလေးကန်ကဲ့သို့ပင် ထုံးကျောက်တောင်ဖြစ်ပြီး နိုင်ငံတကာမှ သုတေသီများက ကျောက်စက်တိုင်ကို စမ်းသပ်ချက်အရ နှစ်သက်တမ်းအားဖြင့် နှစ်သန်းပေါင်း ၂၀၀ ကျော်ပြီ ဖြစ်ကြောင်း သိရသည်။ ဂူအတွင်းထဲမှာ ဆင်ချည်တိုင်၊ မြင်းချည်တိုင်၊ ဝင်္ကပါဂူ၊ ချွေးထွက်ဘုရား၊ အောင်မြေ၊ နတ်ရေကန်တို့ဟာ ထင်ရှားသဖြင့် လာရောက် ကြည်ရှုဖူးမြော်သူ များပြားခြင်း ဖြစ်ကြောင်း သိရသည်။

“ဒါကတော့ ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရားပါ။ ဝန်ထမ်းတွေ အားလုံး ၄၀ ကျော်လောက် ရှိပါတယ်။ သီတင်းကျွတ်မှာဆိုရင် ဆီမီး ၉၀၀၀ ပူဇော်ပွဲလှူကြတယ်။ အခါကြီးရက်ကြီးမှာ ဆွမ်းတော်ကြီး တင်ကြပါတယ်။ တပေါင်းပွဲမှာလည်း တပေါင်းပွဲ ကျင်းပပါတယ်။ ညောင်ပင်ကြီးမှာလည်း ကျင်းပတယ်။ ဓနုရိုးရာပွဲတော်လည်း ကျင်းပကြပါတယ်။ ဘုရားဖူးတွေ အများအပြား လာရောက်လည်ပတ်လေ့ ရှိပါတယ်”ဟု ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရား ဂေါပက ဘဏ္ဍာရန်ပုံငွေရှာဖွေရေးအဖွဲ့မှ ဦးစံမြက ပြောကြားပါတယ်။

ဒါ့အပြင် ရှေးဟောင်းလက်ရာတွေ မထိန်းသိမ်းဘဲ ပျက်စီးတာတွေ၊ ငှက်ချေးကြောင့် ပျက်စီးနေတာတွေ ရှိနေကြောင်း ဒေသခံတချို့ကလည်း ပြောပြကြပါတယ်။ သဘာဝလိုဏ်ဂူတွေ အကြောက်ရဆုံးက ငလျင်ဒဏ်နဲ့ မိုင်းခွဲခြင်းတွေကိုပါပဲ။

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးခရိုင် ပင်းတယမြို့နယ်တွင် ပင်းတယ ရွှေဥမင်လိုဏ်ဂူဘုရား တည်ရှိပြီး အရှေ့ဘက်၊ တောင်ဘက်နဲ့ အနောက်ဘက်မှာ ကလောမြို့နယ်၊ အနောက်နှင့် အနောက်မြောက်ဘက်တွင် ရွာငံမြို့နယ်၊ မြောက်ဘက်တွင် ရပ်စောက်မြို့နယ်ဟူပြီး သုံးမြို့နယ်အကြားတွင် တည်ရှိနေပါတယ်။

72812406_2626036484349429_8886147469814005760_o.jpg

သီတင်းကျွတ်အားလပ်ရက်များတွင် ပင်းတယရွှေဥမင်သဘာဝလိုဏ်ဂူဘုရားသို့လာရောက်သူများကို တွေ့ရစဉ်

တည်နေရာ

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်ဟာ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၃၈၈၀ တွင် တည်ရှိပြီး ကျေးရွာပေါင်း ၁၂၅၉ ရွာရှိကာ ဓနုတိုင်းရင်းသားလူမျိုးများ အဓိကအများဆုံး နေထိုင်ပြီး တောင်ယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုကြတာ ဖြစ်ပါတယ်။

တောင်ကြီးကနေ သွားမယ်ဆိုရင် အောင်ပန်းလမ်းခွဲအတိုင်း ပင်းတယကို ဆက်သွားရပါတယ်။ ပင်းတယမှာ အမြင့်ဆုံးတောင်ကို အရှေ့ပြင် အနောက်ပြင်တောင်ဟာ ၇၇၅၂ ပေမြင့်ပြီး ပန်းစစ်တောင်ဟာ ၆၈၃၀ ပေ မြင့်ပါတယ်။ ရှမ်းပြည်နယ်တစ်ခုလုံးမှာတော့ ရှမ်းတိုင်းရင်းသားတွေ ပျံ့နှံ့နေထိုင်ကြသလို ရွာငံ၊ နောင်ချို၊ ပင်းတယ၊ ဘော်ဆိုင်း ဒေသတွေမှာ ဓနုတိုင်းရင်းသားတွေ အများဆုံး နေထိုင်ကြတာလည်း ဖြစ်ပါတယ်။

လက်ရှိအခြေအနေ

ပင်းတယမြို့ပေါ်မှာ လူဦးရေ နှစ်သောင်းခွဲလောက် နေထိုင်ကြပြီးတော့ အခုဆိုရင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်နေပါပြီ။ ဗုဒ္ဓဘာသာ ရာနှုန်းပြည့် နေထိုင်ကြပြီး တိုင်းရင်းသား လူမျိုးစုများအဖြစ် ဓနု၊ တောင်ရိုး၊ ရှမ်း၊ ပအိုဝ်း၊ ပလောင်နဲ့ ဗမာအပြင် အခြားတိုင်းရင်းသားတွေလည်း နေထိုင်တာကို တွေ့ရပါတယ်။

စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီးတော့ ထွက်ကုန်များအဖြစ် အာလူး၊ မုန်လာထုပ်၊ ချင်း၊ နနွင်း၊ ခရမ်းချဉ်၊ ကြက်သွန်ဖြူ၊ ပဲနီလေး၊ ပဲပုတ်၊ တောင်ယာစပါး၊ ပြောင်းဖူး၊ ကြံ၊ ပန်းမုန်လာထုပ်၊ မုန်လာဥဖြူ၊ မုန်လာဥနီ၊ ပန်းနှမ်း၊ မုန်လာဆီ၊ ပန်းဂျုံ၊ ငရုတ်၊ ဂေါ်ရခါးသီး၊ ပိန်းဥ စသည်တို့ကို စိုက်ပျိုးပါတယ်။ ဥယျာဉ်သစ်သီးတွေမှာ သရက်၊ လိမ္မော်၊ ပိန္နဲ၊ နဂါးမောက်၊ တညင်း၊ သံပရာ၊ သံပယို၊ ပင်စိမ်းသီးတို့ကို စိုက်ပြီး “၀” ဥပင်များကိုလည်း တွေ့ရတတ်ပါတယ်။ 

အခြားစီးပွားရေးအဖြစ် ထုံးဖုတ်ခြင်း၊ အုတ်ရိုက်ခြင်း၊ သဲတူးခြင်းတို့ကို တွေ့ရတတ်ပြီး ငှက်ပျောတောရွာမှာ စက္ကူနဲ့ စက္ကူထီးလုပ်ငန်း၊ အောယောရွာတွင် အိုးလုပ်ငန်းနဲ့ ဆေးဝါးအိုးပုတ်လုပ်ငန်း၊ ခမောက်လုပ်ငန်း များကိုလည်း လုပ်ကိုင်ကြတာကို တွေ့ရပါတယ်။ ရှမ်းစက္ကူကြီးများဖြင့် ထီးလုပ်ခြင်း၊ မီးပုံးလုပ်ခြင်း၊ မီးအိမ်လုပ်ခြင်းတို့ကို နိုင်ငံခြားသားများ နှစ်သက် သဘောကျကြပါတယ်။

ရိုးရာဓလေ့ ပွဲတော်များ

အထူးထင်ရှား ကျော်ကြားတာကတော့ ပင်းတယ ရွှေဥမင်လိုဏ်ဂူ ဘုရားပွဲတော်ဟာ သီတင်းကျွတ်ပွဲတော်နဲ့ တပေါင်းပွဲတော်တို့ကို ကျင်းပလေ့ရှိပြီး ကြက်ပျံမကျ စည်ကားပါတယ်။ အဖိတ်နေ့မှ စတင်ကာ လပြည့်ကျော် ၁ ရက်အထိ ကျင်းပတယ်။ တန်ခူးလဆန်း ၁ ရက်နေ့မှာ ပင်းတယမြို့အဝင် တမဲဘုရားဝင်းအတွင်း ကျင်းပသော တောင်ရိုးလူမျိုးတို့၏ တာတက်ပွဲမှာလည်း ထူးခြားပါတယ်။ ဒါ့အပြင် ဒိုးပစ်ပွဲဟာလည်း မကြုံဖူးသူအဖို့ ထူးဆန်းသော တိုင်းရင်းသားရိုးရာ ဓလေ့ပွဲတော်လည်း ဖြစ်ပါတယ်။

ဓနုတို့ရဲ့ စာချိုးတွေ၊ သံချပ်တွေနဲ့ အိုးစည်တို့ဟာ တောင်ပိုင်းမှာ ထင်ရှားပါတယ်။ သံချပ်တွေကို သီချင်းတွေအဖြစ် သီဆိုခြင်း၊ မီးပုံးပျံပွဲတော်မှာ သံပြိုင်ဟစ်ကြွေးခြင်းတွေကြောင့် လူသိများလာတာလည်း ဖြစ်ပါတယ်။ တာတက်ပွဲမှာ ပျော်ဖို့လာ၊ ပျော်ဖူးလား၊ ပျော်ဖူးလား၊ ပျော်တယ်ဟေ့ ပျော်တယ်ဟေ့ဆိုတဲ့ ဓနုသံချပ်ကို လူတိုင်းကြားဖူးမှာ ဖြစ်ပါတယ်။ တာတက်ပွဲဆိုတာ ဓနု၊ တောင်ရိုး၊ ပအိုဝ်း တိုင်းရင်းသားလူမျိုးများရဲ့ ရိုးရာပွဲတော်တစ်ခုဖြစ်ပြီးတော့ စိုက်ပျိုးရေး အောင်မြင်ချိန် ကျေးရွာအတွင်းရှိ ဘုရားစေတီပုထိုးနဲ့ ဘုန်းတော်ကြီး ကျောင်းများသို့ သွားရောက်လည်ပတ်ပြီးတော့ လှူဖွယ်ပစ္စည်းများ စုပေါင်းလှူဒါန်းကြခြင်း၊ ဘုရားဆွမ်းတော်ကြီးကပ်ခြင်း ဓလေ့တစ်ခုပဲ ဖြစ်ပါတယ်။ တာတက်ပွဲကို ရိုးရာ အတာသင်္ကြန်အတက်နေ့မှစတင်၍ ကဆုန်လပြည့်နေ့အထိ လည်ပတ်ကြတာ ဖြစ်တယ်။ လှူဖွယ်များကို ပဒေသာပင်လုပ်ပြီး လှူဒါန်းပူဇော်ပါတယ်။ ထိုတာတက်ပွဲမှာ လူပျို၊ အပျိုတွေ ဆုံတွေ့ကြကာ ဖူးစာရှင် ရှာတဲ့ ပွဲတော်တစ်ခုလည်း ဖြစ်တဲ့အတွက်ကြောင့် သူတို့တွေ အရမ်းလည်း ပျော်ကြပါတယ်။ ဟဲဟိုးမှာဆိုရင် အာလူးဖော်ချိန် အာလူးပေါက်ပွဲ ဆိုတာလည်း ကြံကြံဖန်ဖန် ရှိပါတယ်။ ကိုယ် ကြိုက်တဲ့ ကောင်မလေးတွေ၊ ကောင်လေးတွေကို မြင်ရင် အာလူးသေးသေးလေးနဲ့ ပစ်ပေါက်ပြီး ကျီစယ်လို့ရပါတယ်။ ကောင်မလေးက လက်ခံတယ်ဆိုရင် ချစ်ခွင့်ပန်လို့လည်း ရပါတယ်။ တိုင်းရင်းသားတွေရဲ့ ချစ်စရာဓလေ့ပွဲတော်များလည်း ဖြစ်ပါတယ်။

ဓနုအိုးစည်

ဓနုအိုးစည်ရဲ့ ပုံစံက ရှမ်းအိုးစည်လို သေးသေးရှည်ရှည် မဟုတ်ဘဲနဲ့ ဝဝတုတ်တုတ် ပုတိုတို ဖြစ်ပါတယ်။ အိုးကိုယ်ထည်အိမ် ကြီးမားတာကြောင့် အသံမြိုင်ပြီးတော့ ဟိန်းပါတယ်။ အိုးစည် ဖို-မ ရှိပြီးတော့ အမကို ပန်းပန်ခြင်း၊ နံ့သာလိမ်းခြင်း၊ အဖိုကို အရက်တိုက်ခြင်း ပွဲပေးခြင်း လုပ်ရပါတယ်။ ဓနုအိုးစည်ဟာ သမိုင်းကြောင်း အထောက်အထားနဲ့ တိတိကျကျ မပြောဆိုနိုင်သော်လည်း အိုးစည် တည်ဆောက်ပုံနှင့် ပုံသဏ္ဌာန်လက်ရာ အယူအဆများမှာ အလွန်ရှေးကျသော လက်ရာတစ်ခု ဖြစ်ကြောင်း သိရပါတယ်။ အင်းဝခေတ် မတိုင်ခင်ကဟု ယူဆကြပါတယ်။ ဗုံရဲ့ ကိုယ်ထည်ကို ညောင်သား၊ ပေါက်သားနဲ့ လုပ်ထားပြီးတော့ နွား ၊ ကျွဲသားရေဖြင့် စည်းကြပ်ပါတယ်။ ဓနုအိုးစည်ဝိုင်းကို ရိုးရာဓလေ့ပွဲတော်များ၊ မီးပုံးပျံပွဲတော်၊ ဘာသာရေး၊ ဘုန်းကြီးကျောင်းတက်ပွဲတော်တွေမှာ တီးခတ်လေ့ ရှိပါတယ်။ ဓနုအိုးစည်ကို သုံးလုံး လေးလုံး အပြိုင်တီးခတ်မယ်ဆိုရင် လက်သံညီရင် အသံမြိုင်ဆိုင်ပြီး အရမ်းနားထောင်လို့ ကောင်းပါတယ်။ ရှမ်းပြည်နယ်မှာ ထင်ရှားကျော်ကြားတဲ့ အိုးစည်တစ်ခုအဖြစ်လည်း ထင်ရှားပါတယ်။

လာရောက် လည်ပတ်ကြဖို့ ဖိတ်ခေါ်

သင်္ကြန်တွင်းကာလ ဖြစ်စေ၊ သီတင်းကျွတ်ရုံးပိတ်ရက်များဖြစ်စေ ရှမ်းပြည်နယ်ကို လာရောက် လည်ပတ်ချင်တယ်ဆိုရင် ဘယ်နေရာတွေကို လည်ပတ်ရမယ်မှန်း မသိသေးဘူး ဆိုရင်တော့ ဓနုမြေမှာ တစ်ရက်လောက်တော့ လာရောက် လည်ပတ်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။