၂၀၁၉ ခုနှစ်အတွက် တရုတ်-မြန်မာ မီဒီယာ Twin City ဖိုရမ် ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၁၅ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့ရှိ Hualuxe ဟိုတယ်တွင်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
ယခုကျင်းပသည့် ဖိုရမ်သည် တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပါတီကော်မတီ ပြန်ကြားရေးဝန်ကြီးဌာနက ဦးစီးကျင်းပခြင်းဖြစ်ပြီး ယူနန်နေ့စဉ်သတင်းစာအဖွဲ့က အဓိက တာဝန်ခံ ဆောင်ရွက်ခြင်းဖြစ်သည်။ အဆိုပါ ဖိုရမ်သည် “အပြန်အလှန် ချိတ်ဆက်ခြင်းနှင့် အပြန်အလှန် ယုံကြည်မှုရရှိခြင်း”ဟူသော အဓိက ဆောင်ပုဒ်ဖြင့်ကျင်းပခြင်း နောင်တွင် တရုတ်နိုင်ငံ ကူမင်းမြို့နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့အကြား အပြန်အလှန်ကျင်းပသွား မည်ဟု သိရသည်။
ယခုကျင်းပသည့် ဖိုရမ်တွင် အဓိကဆောင်ပုဒ်ဖြင့် အမှာစကားပြောကြားခြင်း၊ စကားဝိုင်း ဆွေးနွေးခြင်းအစီအစဉ်များဖြင့် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ တရုတ်- မြန်မာ မီဒီယာ Twin City ဖိုရမ် (၂၀၁၉ ခုနှစ် ) ကူမင်း ထိပ်သီးအစည်းအဝေးကို တရုတ်နှင့် မြန်မာနိုင်ငံမှ သတင်းပြန်ကြားရေးဌာန၊ တရုတ်နှင့် မြန်မာနှစ်နိုင်ငံမှ မီဒီ ယာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါဖိုရမ်သည် တရုတ်နှင့် မြန်မာနှစ်နိုင်ငံမှ မီဒီယာများ အပြန်အလှန်သဘောပေါက်နားလည်မှု တိုးမြှင့်စေရန်၊ နှစ်ဦးနှစ်ဖက်အကြား ရေရှည်စနစ်တကျ ဖွဲ့စည်းထားသော မီဒီယာဆွေးနွေးမှု ပလက်ဖောင်းတစ်ခု တည်ထောင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖိုရမ်တွင် ယူနန်ပြည်နယ် ပါတီကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန အမြဲ တာဝန်ခံ ဒုဝန်ကြီး လော်ကျယ်က “တရုတ်နှင့် မြန်မာ နှစ်နိုင်ငံမှမီဒီယာများသည် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီကဲ့သို့ပင် ချစ်ခင်စွာ ဆက်ဆံနိုင်ရန်၊ စိတ်ရင်းဖြင့် အပြန်အလှန်ယုံကြည်သော သူငယ်ချင်းဖြစ်ဖို့ မျှော်လင့် ထားပါတယ်။ နှစ်ဦးနှစ်ဖက် ပူးပေါင်းမှုသည် အနာဂတ်သို့ တည်ငြိမ်စွာသွားရောက်ကြရန်၊ ပိုမိုများပြားသော စိတ်လှုပ်ရှားစေသည့် ပေါက်ဖော်ပုံပြင်ကို ရေးသား ဖော်ပြနိုင်ရန် မျှော်လင့်ကြောင်း” ပြောကြားသည်။
ယင်းနောက် ဖိုရမ် ပထမပိုင်းဆွေးနွေး ခြင်းကို ကျင်းပခဲ့ပြီး တရုတ်-မြန်မာ စီးပွား ရေးစင်္ကြ ံ၊ လူသားကံကြမ္မာ အသိုက်အဝန်း အတူတည်ဆောက်ရာတွင် မီဒီယာများ၏ အခန်းကဏ္ဍခေါင်းစဉ်ကို ယူနန်သတင်းစာ မီဒီယာ (အုပ်စု) ကုမ္ပဏီလီမိတက် လက်ထောက် အထွေထွေမန်နေဂျာလီကော်အန်း၊ မြန်မာနိုင်ငံ Northern Light ငါ့အဂျာနယ်အယ်ဒီတာချုပ် ဦးဝင်းတင် ၊ တရုတ် နေ့စဉ်သတင်းစာ ယူနန်ရုံးခွဲတာဝန်ခံ လီရင့်ချင်း ၊ မြန်မာ“ရွှေ ဇာမဏီ”တရုတ်သတင်းစာတိုက် အထွေထွေ မန်နေဂျာ ဒေါ်ချိုသက်ထွန်း ၊ တယ်ဟုန်မီဒီ ယာအုပ်စု CEO ဟန်ရှီချန်တို့က ဆွေးနွေး ပြောကြားခဲ့သည်။
ဖိုရမ် ဒုတိယပိုင်း၌ “ခေတ်သစ်ကာလတွင် တီထွင်ဆန်းသစ်ခြင်းနှင့် ရောစပ်ခြင်း ဖြင့် ပုံနှိပ်မီဒီယာနှင့် မီဒီယာအသစ် အတူရှင်သန်ဖြစ်ထွန်းခြင်း” ခေါင်းစဉ်ဖြင့် ယူနန်နေ့ စဉ် သတင်းစာ အဖွဲ့ အယ်ဒီတာချုပ် ယမ်ရွင့်၊ မြန်မာနိုင်ငံ ရန်ကုန်မီဒီယာအုပ်စု မန်နေဂျင်း ဒါရိုက်တာ ဦးဇော်ဝင်းခိုင် ၊ ယူနန်တက္ကသိုလ် သတင်းစာပညာရေးဌာန အမြဲတမ်း ဒုတိယ ဌာနမှူး ရှန်ရှောင်ဟုန် ၊ မြန်မာနိုင်ငံစာရေး ဆရာကလပ် ပြန်ကြားရေး ဗဟိုကော်မတီဝင်၊ မြန်မာနိုင်ငံဘာသာပြန်ကွန်ရက် ဒုတိယဥက္ကဋ္ဌ ဦးဟိန်းလတ်နှင့် မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်းမှ ဗဟိုအမှုဆောင် ကော်မတီဝင် ဦးထွန်းနေစိုးတို့က ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။















