ပြည်သူလူထုအား ငှက်ကလေးကြက်ကလေးလို အလွယ်တကူဖမ်းဆီး၊ မမှန်မကန်ချုပ်နှောင်၊ မမှန်မကန်တရားစွဲဆိုသောစနစ်ဆိုးကြီးကို ပပျောက်အောင် ကြိုးစားစေလိုကြောင်း နိုင်ငံတော်သမ္မတက ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်ကူပေးရေးအဖွဲ့ကို မှာကြားထားကြောင်း သိရသည်။
ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်ကူပေးရေးအဖွဲ့၏ ဥပဒေဆိုင်ရာအထောက် အကူပေးရေးလုပ်ငန်းများ ဆောင်ရွက်မှုနည်းလမ်းများရှင်းလင်းပွဲနှင့် တွေ့ဆုံပွဲကို နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့ သီရိခေတ္တရာရတနာ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ပြီး အဖွဲ့၏ဖြစ် ပေါ်လာပုံ၊ လုပ်ဆောင်နေမှုများကို အတွင်း ရေးမှူးက ပြောကြားစဉ်ယင်းသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ခေတ်တစ်ခေတ်မှာ အဖြစ်အပျက်ကိုပဲ ပြောပါတယ်။ ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး။ ကျွန်တော်တို့သွားနေတဲ့ လမ်းကြောင်းကမှားယွင်းချွတ်ချော်နေတဲ့ဥပဒေကို အလွဲသုံးစား လုပ်တဲ့ကိစ္စတွေ အခွင့်အာဏာနဲ့ အာဏာကို အကြောင်းပြုပြီး မတရားဖမ်းဆီးချုပ်နှောင်နေတဲ့ကိစ္စတွေ အဲဒီစနစ်ကလေးတစ်ခုကို ပြောင်းလဲချင်တာပါ။ ဒီစနစ်ကို ဘယ်လိုပြောင်းလဲမလည်း၊ ဟိုလူ့ကိုလက်ညှိုးထိုး ဒီလူ့ကိုလက်ညှိုးထိုးအပြစ်ပြောနဲ့ကိစ္စဟာ စစ်မှန်တဲ့ပြောင်းလဲခြင်းမဟုတ်ပါဘူး။ စနစ်တစ်ခုဟာ ဆိုးရွားနေတဲ့ ကျင့်သုံးနေတာမှားယွင်းနေတဲ့ ကျွန် တော်တို့ကို တာဝန်ပေးတဲ့အချိန်မှာကျွန်တော်တို့ဘယ်လိုသွားမလဲ သမ္မတကြီးက မှာပါတယ်။ ကျွန်တော်တို့လူတွေကို ပြည်သူလူထုတွေကို ငှက်ကလေးကြက်ကလေးလိုလွယ်လင့်တကူဖမ်းဆီးဖို့ မမှန်မကန်တဲ့ချုပ်နှောင်၊ မမှန်မကန်တဲ့တရားစွဲဆိုတဲ့စနစ်ဆိုးကြီးကိုကျွန်တော်တို့ပျောက်စေချင်တယ်၊ ခင်ဗျားတို့ တရားဥပဒေဆိုင်ရာ အထောက်အကူပြုဖွဲ့တဲ့ အခါမှာ ဒါလေးကိုတော့ ပျောက်ပျက်အောင် ကြိုးစားကြပါလို့ မှာတယ်”ဟု ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့အတွင်းရေးမှူး ဦးခင်ဇော်က ဆိုသည်။
အဆိုပါအဖွဲ့အား ပြည်ထောင်စုတရား လွှတ်တော်ချုပ်အမိန့်ကြော်ငြာစာအမှတ် ၈၆၅/၂၀၁၈ ဖြင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး တိုင်းနှင့်ပြည်နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ များ ဖွဲ့စည်းခြင်းနှင့် ခရိုင်အလိုက်တွေ့ဆုံဆွေးနွေးပွဲများကို ပြုလုပ်လျက်ရှိရာ ယခုပြည်ခရိုင်ခြောက်မြို့နယ် တွေ့ဆုံပွဲသို့ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ပဲခူးတိုင်းဒေသကြီး ဥပဒေ ချုပ်၊ ပဲခူးတိုင်းတရားသူကြီးချုပ်နှင့်အဖွဲ့၏ပဲခူးတိုင်းဒေသကြီးဥက္ကဋ္ဌတို့ တက်ရောက်ခဲ့ကြကာ လုပ်ငန်းများဆောင်ရွက်ရာတွင် ခက်ခဲနေမှုများကိုလည်း တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့အဖွဲ့ကို သမ္မတဦးဝင်းမြင့် လက်ထက်ရောက်မှ ဖွဲ့တာဖြစ်တယ်။ ဒီတော့ ကျွန်တော်တို့အဖွဲ့ကို လူတိုင်းသိဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။ ရည်ရွယ်ချက်ကတော့ ဥပဒေဆိုင်ရာအထောက်ကူပေးရာတွင် ဥပဒေအရာ၌ မျှတမှုနှင့်တန်းတူရည်တူအခွင့် အရေးရရှိစေရေးက ရည်ရွယ်ချက်တစ်ခုဖြစ်ပါတယ်။ နောက်ပြစ်မှုများမှာ ဥပဒေနဲ့အညီ ချေပခွင့်ရှိရေး အယူခံပိုင်ခွင့်အခွင့်အရေး အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှုရှိရတဲ့အပြင် ကျွန် တော်တို့အဖွဲ့ဝင်များဟာ စိတ်ကောင်းစေတနာကို အခြေခံပြီးတော့ ထိရောက်တဲ့ဥပဒေဆိုင်ရာ အထောက်အကူရရှိစေရမယ်၊ အဲဒါ က ကျွန်တော်တို့ရည်ရွယ်ချက်ထဲမှာအဓိကကပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အဖွဲ့အနေဖြင့် ဥပဒေဆိုင်ရာအထောက် အကူတောင်းခံခွင့်ရှိသူများအား ဥပဒေနှင့်အညီ ရှေ့နေငှားရမ်းပေးခြင်း၊ ဥပဒေဆိုင်ရာအ သိပညာပေး၊ အကြံပေး၊ အကူညီနှင့်သတင်း အချက်လက်ပေးခြင်းပြုလုပ်ပေးပြီး သေဒဏ်ထိုက်သင့်သော ပြစ်ဒဏ်ချမှတ်နိုင်သည့်ရာဇဝတ်မှုမှလွဲ၍ အခြားပြစ်ဒဏ်အမျိုးမျိုးထိုက်သင့်သည့် ရာဇဝတ်မှုများဖြင့် စွပ်စွဲ၊ ထိန်းသိမ်း၊ ဖမ်းဆီး၊ တရားစွဲဆိုခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်း အကျဉ်းချခံရသည့် ဆင်းရဲနွမ်းပါးသူများ၊ ကလေးသူငယ်၊ အမျိုးသမီး၊ အထူးပြုစုစောင့် ရှောက်မှုလိုအပ်နေသူများ၊ သက်ကြီးရွယ်အို၊ မသန်စွမ်း၊ ခုခံအားကျဆင်းမှုရောဂါ(သို့) အခြားကူးစက်မြန်ရောဂါခံစားနေရသူများ၊ နိုင်ငံမဲ့များ၊ နိုင်ငံခြားသားများ၊ ရွှေ့ပြောင်းနေထိုင်သူများ၊ ရွှေ့ပြောင်းလုပ်သားများ၊ ဒုက္ခသည်များ၊ ပြစ်မှုကျူးလွန်ခံရခြင်းကြောင့် နစ်နာသူများ၊ ထူးခြားသည့်အကြောင်းအရာတစ်ခုခုကြောင့် အကူအညီတောင်းခံလာသည့် ပြစ်မှုနှင့်ဆိုင်သော သက်သေများက အကူအ ညီတောင်းခံနိုင်ကြောင်း သိရသည်။















