ဗီယက်နမ်နိုင်ငံကို ဖြတ်ကျော်နေသည့် မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ မိုးရနိုင်ပြီး ကပ္ပ္ပလီပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်း ထပ်မံဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။
“တောင်တရုတ်ပင်လယ်ကနေ ဗီယက်နမ်နိုင်ငံကိုဖြတ်နေတဲ့ မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်း မိုးရနိုင်တယ်။ သချင်္ာပုံစံပြုမော်ဒယ်တွေအရ ကပ္ပလီပင်လယ်ပြင် ထဲရောက်လာပြီး လေဖိအားနည်ရပ်ဝန်းတစ်ခု ထပ်ဖြစ်နိုင်တယ်။ လောလောဆယ် စောင့်ကြည့်ရမယ်။ ဗီယက်နမ်ကိုဖြတ်ပြီးရင် ကမ္ဘောဒီယားပြီးရင် ထိုင်းကိုဖြတ်မှာ ထိုင်းရောက်ရင်အားပျော့သွားနိုင်တယ်” ဟု ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ နိုဝင်ဘာ ၁၁ ရက် နေ့စဉ်မိုးလေဝသအခြေအနေ ထုတ်ပြန်ချက်တွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ မန္တလေးတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကြောင်း၊ ညအပူချိန်များမှာ တနင်္သာရီတိုင်းဒေသကြီးတွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန် အောက် (၂) ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄) ဒီဂရီစင်တီဂရိတ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်ထက် (၅)ဒီဂရီစင်တီဂရိတ်ထိပိုခဲ့ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ထူးခြားသည့် ညအပူချိန်များမှာ မင်းတပ်မြို့တွင် (၁၀) ဒီဂရီစင်တီဂရိတ်၊ ဟားခါးမြို့တွင် (၁၁)ဒီဂရီစင်တီဂရိတ်နှင့် တီးတိန်မြို့တွင် (၁၂)ဒီဂရီစင်တီဂရိတ်တို့ဖြစ်ကြောင်း မှတ်သားဖွယ်ရာ မိုးရေချိန်များအနေဖြင့် ကျောက်ဖြူမြို့တွင် ၁ ဒသမ ၉၇ လက်မ၊ ရမ်ကလောင်းတွင် ၁ ဒသမ ၇၃ လက်မ၊ မောင်တောမြို့တွင် ၁ ဒသမ ၅၃ လက်မ၊ ဖလမ်းမြို့တွင် ၁ ဒသမ ၂၂ လက်မ၊ မိုးကုတ်မြို့တွင် ၁ ဒသမ ၀၆ လက်မနှင့် တွန်းဇံမြို့နှင့် တောင်ကုတ်မြို့တို့တွင် ၁ ဒသမ ၀၂ လက်မစီတို့ ရွာသွန်းခဲ့ကြောင်း သိရသည်။
ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းကို ဖြတ်ကျော်နေသော မုန်တိုင်းငယ် (Depression)သည် လေဖိအားနည်းရပ် ဝန်းရပ်ဝန်း (Low Pressure Area)အဖြစ်သို့ အားလျော့သွားပြီဖြစ်သည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကြောင်း ထူးခြားမိုးလေဝသအခြေအနေသည် နိုဝင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန် တိုင်းထွာချက်အရ ဗီယက်နမ်နိုင်ငံပေါ်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း (Tropical Storm)သည် အပူပိုင်းမုန်တိုင်းငယ် (Tropical Depression) အဖြစ်သို့ အားလျော့သွားခဲ့ပြီး အနောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားလျက်ရှိကာ လေဖိအားနည်းရပ်ဝန်း (Low Pressure Area) အဖြစ် တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
နိုဝင်ဘာ ၁၂ ရက် မိုးလေဝသခန့်မှန်းချက်အနေဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်) နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။















