၂၀၁၄ ခုနှစ် မတ်လအတွင်းက မြန်မာနိုင်ငံ၌ ပိုလီယိုရောဂါကင်းစင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာခဲ့ပြီးဖြစ်သော်လည်း ဝေးလံခက်ခဲဒေသများမှ ကလေးငယ်များ အပါအဝင် ကလေးငယ်များကို ပိုလီ ယိုအကြောသေရောဂါကာကွယ်ဆေးတိုက် ကျွေးပေးရန် ပျက်ကွက်ခြင်း၊ တိုက်ကျွေးသင့်သည့်အချိန်အတိုင်း တိုက်ကျွေးရန် ပျက်ကွက်ခြင်းများ ရှိသောကြောင့် ပိုလီယိုရောဂါ ဖြစ်ပွားမှုများ ပြန်လည်တွေ့ရှိနေကြောင်း ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းက ကရင်ပြည် နယ်၊ ဖာပွန်မြို့နယ် ဆင်စွယ်ကျေးရွာမှ အသက်နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးတွင် အသွင်ပြောင်းပိုလီယိုအကြောသေရောဂါပိုး တွေ့ရှိကြောင်း ဇွန် ၃၀ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန် ကြေညာခဲ့သည်။
မေ ၂၃ ရက်က ဖာပွန်မြို့နယ်၊ ကတိုင်တိတိုက်နယ်ဆေးရုံသို့ လတ်တလော ပျော့ခွေ အကြောသေရောဂါလက္ခဏာဖြင့် အသက်နှစ် နှစ်အရွယ် ကလေးငယ်တစ်ဦး တက်ရောက် ဆေးကုသခဲ့ကြောင်းနှင့်ယင်းကလေးငယ်၏ ဝမ်းနမူနာကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ ရှိ ဒေသဆိုင်ရာ ရည်ညွှန်းဓာတ်ခွဲခန်းကြီးဖြစ်သော Specialized Polio Lab တို့သို့ ပေးပို့ စစ်ဆေးခဲ့ရာ ဇွန်၂၃ ရက်တွင် အသွင်ပြောင်း ပိုလီယိုအကြောသေရောဂါပိုး (Vaccine-Derived Poliovirus Type 1) တွေ့ရှိခဲ့ ကြောင်း သတင်းထုတ်ပြန်ကြေညာခဲ့သည်။ “ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာ ရပ်ကွက်နဲ့ကျေးရွာပေါင်း ၃၀၀ ကျော်ရှိတဲ့အထဲ က ၆၄ ခုမှာသာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကာကွယ်ဆေးထိုးတိုက်ကျွေးနိုင်တယ်။ ကျန်ရွာပေါင်း ၂၀၀ ကျော်က လုံခြုံရေးအခြေအနေကြောင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးနိုင်ခြင်း လုံးဝမရှိပါဘူး။ ပိုလီယိုအကြောသေ ရောဂါဖြစ်ပွားတဲ့ ကလေးငယ်နဲ့ တခြား လတ် တလော ပျော့ခွေအကြောသေ လူနာကလေး ငယ်တွေကလည်း ပိုလီယိုကာကွယ်ဆေး တစ် ကြိမ်မျှ မရရှိခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့် တုံ့ပြန် ကာကွယ်ဆေးတိုက်ကျွေးခြင်း လုပ်ငန်းတွေကို ကရင်ပြည်နယ်အပါအဝင် မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာဆောင်ရွက်ထားပါတယ်” ဟု ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုတိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
ယခုတွေ့ရှိခဲ့သည့် အသွင်ပြောင်းပိုလီ ယို အကြောသေရောဂါပိုးသည် ကာကွယ်ဆေး လွှမ်းခြုံမှု အားမကောင်းသောနေရာ ဒေသများတွင် ကူးစက်ပြန့်ပွားပြီး ပိုလီယို ကာကွယ်ဆေး အပြည့်အဝတိုက်ကျွေးထားခြင်း မရှိသော ကလေးငယ်များတွင် ပိုလီယို အကြောသေ ရောဂါကူးစက်ခံရနိုင်ခြေ များပြားကြောင်း လည်းသိရသည်။
တုံ့ပြန်ကာကွယ်ဆေး တိုက်ကျွေးခြင်း လုပ်ငန်းကို ကရင်ပြည်နယ်ရှိ မြို့နယ်ခုနစ် မြို့နယ်၊ မွန်ပြည်နယ်ရှိ ဘီးလင်း၊ ကျိုက်ထို၊ သထုံမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ကြီး၊ ရွှေကျင်မြို့နယ်၊ စုစုပေါင်း မြို့ နယ် ၁၂ မြို့နယ်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း နှင့် ဆေးတိုက်ကျွေးရာတွင် အသက်အုပ်စု အနေဖြင့် ဖာပွန်မြို့နယ်တွင် အသက်၁၅နှစ် အောက်နှင့် ကျန်မြို့နယ်များတွင် အသက် ငါးနှစ်အောက်ကလေးများ၊ စုစုပေါင်း ကလေးငယ် သုံးသိန်းခန့်ကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၇ ရက်မှ ၁၁ ရက်အတွင်း ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခဲ့ပြီးဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်၊ မောင်းတောမြို့ရှိ ကလေးနှစ်ဦး တွင် ကာကွယ်ဆေးအသွင်ပြောင်းပိုလီယိုပိုး ပထမဦးဆုံးအကြိမ်စတင်တွေ့ရှိခဲ့ခြင်းကြောင့် ယင်းဒေသအပါအဝင် ယင်းနှင့် ဆက်စပ် နေသည့် မြို့နယ်၁၅မြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနက အရေးပေါ်အစီအစဉ်ဖြင့် ပိုလီယိုကာကွယ်ဆေးများ တိုက်ကျွေးခဲ့ရသည်။















